ကျောက်တလုံးကြီး ၁၃ မေ
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင် ကျောက်တလုံးကြီးမြို့အတွင်းရှိ ဒေသခံ ပြည်သူများ အတွက် နောင်တရားဒေသ လူငယ်များ ပရဟိတအဖွဲ့မှ ရှမ်းပြည်နယ်ထွက်သီးနှံများဖြစ်သည့် ဂေါ်ဖီထုပ်နှင့် ခရမ်းချဉ်သီးများကို မေလ ၁၂ ရက် မွန်းလွဲ(၃)နာရီက ကျောက်တလုံးကြီးမြို့ ပထမနိမ္မတသပိတ်မြတ် စေတီတော်ပရဝဏ်၌ အခမဲ့လာရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
“လက်ရှိဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ရောဂါကြောင့် သီးနှံဈေးနှုန်းမရရှိခြင်း၊ ကုန်စည်စီးဆင်းမှု အဆင်မပြေတာတွေ ဖြစ်နေတဲ့အတွက် စိုက်ပျိုးထားသည့်တောင်သူများအနေဖြင့် ဈေးကွက်ရရှိခြင်း မရှိမှုများနှင့် တင်ပို့ခွင့်များ မရရှိခြင်းတို့ကြောင့် သီးနှံများ ပျက်စီးဆုံးရှုံးမှုများရှိတဲ့အတွက် နောင်တရား ဒေသလူငယ်များ ပရဟိတအဖွဲ့မှ ဟင်းသီးဟင်းရွက်များလှူမည့် ခြံရှင်ဆီသို့သွားကာ ကိုယ်တိုင် ခုတ်ယူ/ခူးယူကာ တစ်အိမ်တက်ဆင်း လိုက်လံလှူဒါန်းပေးခြင်းဖြစ်ပါတယ်”ဟု နောင်တရား ဒေသလူငယ်များ ပရဟိတအဖွဲ့မှ ကိုသက်စိုးဝေကို ပြောသည်။
ဆက်လက်၍ နောင်တရားဒေသလူငယ်များပရဟိတအဖွဲ့မှ ပင်လောင်းမြို့နယ်နှင့် နောင်တရားမြို့၊ တီကျစ် တိုက်နယ် ပတ်ဝန်းကျင်ရှိ ရွာများအားလုံးကိုလည်း လှူဒါန်းမှုများ ပြုလုပ်နေပြီး ယနေ့တွင် ကျောက်တလုံးကြီးမြို့သို့ လာရောက်လှူဒါန်းခြင်းဖြစ်ကြောင်း သိရှိရသည်။
နောင်တရားဒေသ လူငယ်များ ပရဟိတအဖွဲ့မှ ကျောက်တလုံးကြီး ဒေသခံပြည်သူများထံသို့ တစ်အိမ်ထောင်စုလျှင် ခရမ်းချဉ်သီး တစ်ပိဿာနှင့် ဂေါဖီထုပ်တစ်ထုပ်နှုန်းဖြင့် ခရမ်းချဉ်သီး ပိဿာချိန် (၄၀) ပါ ခြင်းလေးခြင်းနှင့် ဂေါဖီထုပ် (၂၀၈) လုံး လာရောက်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
ခွန်အာကာ(ကျောက်တလုံး)


