လွိုင်ကော်   ၁၃  မေ

 

ကယားပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနသည် ပြည်နယ်အတွင်းငါးသယံဇာတများတိုးပွား စေရေးအတွက် သဘာဝ ရေပြင်များဖြစ်သည့် ရေကန်များ၊ ချောင်းများနှင့်ဆည်တမံများအတွင်းသို့ ငါးမျိုး စိုက်ထည့်ခြင်း ကို လွိုင်ကော်မြို့ ရှိတစ်ပိုင်တစ်နိုင်ငါးမွေးမြူရေးစခန်း၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့ရှိ ငါးလုပ်ငန်းဦးစီးဌာန ငါးသားပေါက်စခန်းများမှ ရယူဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

ယနေ့တွင်လည်း ကယားပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ပြည်နယ်မှူး နှင့် ဒုတိယ-ပြည်နယ်မှူး ဦးဆောင်၍ လွိုင်ကော်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနရှိ တစ်ပိုင်တစ်နိုင် ငါးသားပေါက်ရုံတွင် ငါးမြစ်ချင်း ငါးမျိုးအား ဆေးထိုးသားဖောက်ခြင်းကို ယနေ့ နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့သည်။

 

ကယားပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ရွေဝါငါးကြင်းများကို သဘာဝနည်းဖြင့်လည်းကောင်း ကျန် ငါးမျိုးများဖြစ်သည့် ထိုင်းငါးခုံးမကြီး၊ မြက်စားငါးကြင်း၊ ငါးမြစ်ချင်းတို့ကို ဆေးထိုးသား ဖောက်ခြင်း  လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

 

ယခုနှစ်တွင် သဘာဝရေပြင်များအတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်းအဖြစ်ဆောင်ရွက်လျက်ရှိရာ ဧပြီလ ၂၉ ရက်တွင်  ဒီးမော့ဆိုမြို့နယ် ကန်ခုနစ်ဆင့်နှင့် ငွေတောင်ဆည်တို့တွင် ငါးမျိုးစိုက်ထည့်မှုများ ဆောင်ရွက်ခဲ့ပြီး  မေလ ၁၅ ရက်တွင် လွိုင်ကော်မြို့နယ်ရှိ နောင်ယားကန် နှင့် ထေးငှားလျားကန်တို့တွင် ငါးမျိုးစိုက်ထည့်မှုများ ဆက်လက်လုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

ကယားပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနသည် ငါးမွေးစိုက်ရာသီဖြစ်သည့် ယခုလမှစ၍ သြဂုတ်လအထိ ကယားပြည်နယ်အတွင်းရှိ သဘာဝရေပြင်များတွင် ဆက်လက်၍ ငါးမျိုးများ စိုက်ထည့်သွား မည်ဖြစ်ကြောင်း ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနရုံးထံမှသိရှိရသည်။

 

ထွန်းလေး (ပြန်/ဆက်)