ဗန်းမော် ၁၃ မေ
ကချင်ပြည်နယ် ဗန်းမော်မြို့ မနောဇေယျာမန္တလာ (ခ)ရွှေဧရာအမြန်ရေယာဉ်အသင်းမှ ရှပ်ပြေးရေယာဉ် များသည် ဗန်းမော်-ရွှေကူ -ကသာ ခရီးစဉ်ကို မေလ ၁၆ ရက်တွင် စတင်ပြေးဆွဲသွားမည်ဖြစ်ကြောင်း အဆိုပါ အမြန်ယာဉ်အသင်း(ဗန်းမော်)ဂိတ်မှူးထံမှ သိရသည်။
ကိုဗစ်-၁၉ ရောဂါကြောင့် ဧပြီ ၇ ရက်မှ စတင်ကာ အဆိုပါ ရေယာဉ်လိုင်းခရီးစဉ်များကို ရပ်နားထားခဲ့သည်။
အမြန် ရေယာဉ်တစ်စီးသည် မေလ ၁၆ ရက် နေ့ နံနက်၉ နာရီတွင်ဗန်းမော်မြို့၊မြို့မရပ်ကွက် ရှပ်ပြေးဆိပ်မှ ကသာမြို့သို့ ထွက်ခွာမည်ဖြစ်ရာ ညနေ ၃ နာရီ ခန့်တွင်ကသာ ဆိပ်ကမ်းသို့ ဆိုက်ကပ်မည် ဖြစ်သည်။ ထိုအတူ ရှပ်ပြေးအမြန်ရေယာဉ်တစ် စီးသည် မေ လ ၁၆ ရက်နေ့နံနက် ၉ နာရီတွင် ကသာဆိပ်ကမ်းမှထွက်ခွါပြီး ဗန်းမော်ဆိပ်ကမ်းသို့ ညနေ ၅ နာရီခန့်တွင် ဆိုက်ကပ်မည်ဖြစ် သည်။
" ရေယာဉ်တွင် လိုက်ပါမည့် ခရီးသည်များအားလုံး Mask တပ်ဆင်ရပါမယ်၊ လက်ဆေးရ ပါမယ်၊ အပူချိန် တိုင်းတာပါမယ်၊ ခရီးသည် ၃ ဦးထိုင်ခုံ တစ်လုံး ကို ခရီးသည် ၁ ဦး ၁ ခုံ သာရောင်းချပေးပါ မည်၊လက်မှတ်ခ အပိုမယူပါ၊ မူလအတိုင်းသာ ရောင်းချပေးပါမယ်” ဟု ဂိတ်မှူး (ဗန်းမော်) ဦးမင်းဦးက ပြောသည်။
ဗန်းမော်-ကသာ ရေယာဉ်ခရီးစဉ်ပြေးဆွဲပေးခြင်းကြောင့် ရွှေကူ-ကျောက်ကြီး မိုးဒါး အစရှိသည့် ဧရာဝတီမြစ်ကမ်းဘေးတွင နေထိုင်ကြသည့် ပြည်သူများအတွက် သွားလာမှု အဆင်ပြေကြမည် ဖြစ်သည်။
ဗန်းမော်-ကသာ ရေယာဉ်စီးခမှာ လူတစ်ဦးလျှင် ၈၀ဝ၀ ကျပ်၊ ရွှေကူ ၄၀ဝ၀ ကျပ်ဖြစ်ပြီး ဗန်းမော်-ရွှေကူ -ကသာ ရေယာဉ်စီးခရီးသည်များ သက်သာစေရန်အတွက် ရေယာဉ်စီးခ ကို တိုး၍ ကောက် ခံခြင်းမရှိဘဲ ပုံမှန်ဈေးနှုန်း အတိုင်းကောက်ခံ မည်ဖြစ်ကြောင်း အဆိုပါရေယာဉ်အသင်းထံမှ သိရသည်။
ဆီမီးခုံ-နန်းရီ


