ပွင့်ဖြူ   ၁၃ မေ    

 

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးနှင့် သစ်တောပြုန်းတီးမှုကြောင့် ကြုံတွေ့ရသည့် သဘာဝဘေးအန္တရာယ်များ လျော့နည်းကျဆင်းစေရေးအတွက် ရည်ရွယ်ကာ ယခုနှစ်မိုးရာသီတွင် စိုက်ပျိုးရန် အရိပ်ရ သစ်မျိုးစုံပေါင်း ၁၂၆၆၄၁ ပင် ပျိုးထောင်ထားရှိပြီးဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် သစ်တောဦးစီးဌာနရုံးမှ သိရသည်။

 

ယခုနှစ် မိုးရာသီတွင် စိုက်ပျိုးရန်အတွက် ပွင့်ဖြူမြို့နယ် သစ်တောဦးစီးဌာနရုံး မြို့မပျိုးဉယျာဉ်တွင် လူထုဖြန့်အနေဖြင့် စိုက်ပျိုးရန် ယူကလစ် ၊ ဝါး ၊ ခရေ ၊ ကံ့ကော် ၊ တမာ ၊ မယ်ဇလီ ၊ ကုက္ကို ၊ ကျွန်း စသည့် အရိပ်ရပင် ၄၀ဝ၀ဝ ၊ ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တော စိုက်ခင်းဧက ၅၆၀ ဒသမ ၉၄ ဧက အတွက် ရွှေစက်တောဘေးမဲ့တောနှင့် ကျွဲတံခါး ကြိုးဝိုင်းသစ်တောစိုက်ခင်းတွင် စိုက်ပျိုးရန် ယူကလစ် ၊ ကျွန်း ၊ လျှော်ဖြူ ၊ ဝါး စသည့် အရိပ်ရပင် ၈၄၁၄၁ ပင် ၊ စိမ်းလန်းစိုပြည်ရေး အစီအစဉ်ဖြင့် ပျိုးပင်ကြီး စိုက်ပျိုးရန်အတွက် ငုစပ် ၊ ကုက္ကို ၊ သရက် ၊ နဘဲ ၊ ထောက်ကြံ့ ၊ ဗန်ဒါ ၊ ရေတမာ ၊ ကံ့ကော် ၊ ခရေ ၊ ကဗွီး ၊ မအူ ၊ ကျွန်း ၊ တမာ ၊ မကျီး ၊ ဖန်းခါး ၊ မျှင်ဝါး ၊ ဝါးပိုးဝါး စသည့် အရိပ်ရပင် ၅၀ဝ တို့ကို ပျိုးထောင်စိုက်ပျိုး ထားရှိပြီးဖြစ်ကြောင်း သိရသည်။

 

50

 

ထို့အပြင် မြို့နယ်အတွင်း မုန်းချောင်းကမ်းပါးပြိုကျမှုအန္တရာယ် လျော့နည်းသက်သာစေရေးအတွက် ဗာတီဗာမြက်မျိုး ၂၀ဝ၀ ကိုလည်း ပျိုးထောင်ထားရှိပြီးဖြစ်ကြောင်း သိရကာ မုန်းချောင်းအနီး ကျေးရွာများ ဖြစ်သည့် ရွှေလှေကျေးရွာ ၊ ရွာသစ်ကျေးရွာ ၊ ညောင်ပင်ရွာကျေးရွာ ၊ ညောင်ကုန်းကျေးရွာ ၊ ဂွေ့ကျေးရွာတို့တွင် ကျေးရွာတစ်ရွာလျှင် ဗာတီဗာမြက်မျိုး ၄၀ဝ ပင်စီ စိုက်ပျိုးဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဦးအောင်မော်ထံမှ သိရသည်။

 

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်သစ်တောဦးစီးဌာနအနေဖြင့် နှစ်စဉ် မြို့နယ်အတွင်း သဘာဝ ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး ၊ အပူဒဏ်ကာကွယ်ရေးနှင့် သစ်တောပြုန်းတီးမှုကြောင့် ကြုံတွေ့ရသည့် ရာသီဉတုပြောင်းလဲမှု ဂေဟစနစ်အား မျှတကောင်းမွန်ရေးအတွက် နှစ်စဉ် သစ်မျိုးစုံ အရိပ်ရပင်များကို မိုးမကျမီ ကြိုတင်ပျိုးထောင်ထားရှိပြီး အကောင်အထည်ဖော် စိုက်ပျိုး ဆောင်ရွက်လျက်ရှိရာ ယခုနှစ် မိုးရာသီတွင် စိုက်ပျိုးရန်အတွက် သစ်မျိုးစုံ အရိပ်ရပင်ပေါင်း ၁၂၆၆၄၁ ပင်အား အချိန်မီစိုက်ပျိုးရန် ပျိုးထောင်ထားရှိပြီးဖြစ်ကြောင်း သိရသည်။  

 

ရဲဝင်းနိုင် ( ညောင်ဦး )