ရန်ကုန် ၁၃ မေ
ရန်ကုန်မြောက်ပိုင်းခရိုင် အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုမရှိစေရန် လိုအပ်သည်များ အသုံးပြုနိုင်စေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် အလှူငွေ၊ နှာခေါင်းစည်းများနှင့် လိုအပ်သည်များတွင် အသုံးပြုနိုင်ရန် ပစ္စည်းများ လာရောက်လှူဒါန်းခြင်းကို ယမန်နေ့ နံနက် (၁၀) နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးနှင့် အင်းစိန်(GTI) Quarantine Center တို့တွင် လာရောက်လှူဒါန်းခဲ့သည်။
လှူဒါန်းရာတွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်၊ကုသရေးလုပ်ငန်းစဉ်များတွင် လိုအပ်သည့် နေရာများ သုံးစွဲနိုင်ရန် အတွက် ဈေးကုန်းအနောက်ရပ်ကွက်၊ ဒေါ်ခင်ပြုံးဝင်း(မြမန်းမေ ခေါက်ဆွဲဆိုင်)မှ အလှူငွေ (၁)သိန်း၊ ဒဂုန်အင်တာနေရှင်နယ် ကုမ္ပဏီလီမိတက် ဉက္ကဋ္ဌ ဦးဝင်းအောင်မှ နှာခေါင်းစည်း (၅ဝဝဝ)၊ စဉ့်ငူရပ်ကွက်၊ ဦးအောင်အောင်(မိသားစု)မှ နှာခေါင်းစည်း (၇၀ဝ)၊ အလှူရှင် ဦးနေဇင်နှင့် ဝန်ထမ်းများမှ ရေသန့်ကတ် (၄၅၀)၊Royal-D ကတ် (၂၄၀)၊နှာခေါင်းစည်း (၃၀ဝ)၊ လက်အိတ် (၂၀ဝ)၊ Face Shield(၁၅)ခု၊Mask 4 Myanmar Groupမှ Hand Made Mask(၁၀ဝ၀)ခုတို့ကို အလှူရှင် များက အသီးသီး လာရောက်လှူဒါန်းရာ အင်းစိန်မြို့နယ်၊Coronavirus Disease 2019 (ကိုဗစ်-၁၉) ရောဂါ ကာကွယ်ထိန်းချုပ်၊ ကုသရေးကော်မတီမှ တိုင်းဒေသကြီး(၁)လွှတ်တော်ကိုယ်စားလှယ် ဦးသာအောင်၊ တိုင်းဒေသကြီး(၂) လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်၊မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်၊ အင်းစိန်ဆေးရုံအုပ် ဒေါက်တာမေစန်းချိုနှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။
အင်းစိန်မြို့နယ်၊ Coronavirus Disease 2019 (ကိုဗစ်-၁၉)ရောဂါကာကွယ် ထိန်းချုပ်၊ ကုသရေး ကော်မတီမှ ရောဂါကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)


