ကော့သောင်း ၁၃ မေ
ကော့သောင်းခရိုင်အတွင်း ကမ်းနီးကမ်းဝေး ငါးဖမ်းရေယာဉ်များ ငါးတင် ငါးချရန်နှင့် ရေထွက်ကုန် ပစ္စည်းများ စစ်ဆေးနိုင်ရန်အတွက် FREE ON BOAT (FOB) စစ်ဆေးရေး တံတားတစ်စင်းကို ကော့သောင်းမြို့၊ ရွှေဟင်္သာရပ်ကွက်အတွင်းရှိ ကမ်းနီးကမ်းဝေးငါးလုပ်ငန်းကုမ္ပဏီများ တည်ရှိရာ ရေလုပ်ငန်းဇုန်တွင် ယခုနှစ် မေလပထမပတ်မှ စတင်ဆောက်လုပ်လျှက်ရှိကြောင်း သိရသည်။
အဆိုပါ တံတားတွင် အဖွဲ့စုံဖြင့် ကော့သောင်းခရိုင်အတွင်းမှ ကမ်းနီးကမ်းဝေး ငါးဖမ်းရေယာဉ်များ နှင့် ငါးသယ်ရေယာဉ်များ FREE ON BOAT (FOB)ဆိပ်ကမ်းရောက်တန်ဖိုး စစ်ဆေးမှု လုပ်ငန်းများကို အချိန်တိုအတွင်း ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ထိုင်းနိုင်ငံ ငါးဈေးကွက်သို့ ရေထွက်ကုန်ပစ္စည်းများ အရည်အသွေး စံချိန်စံညွှန်းအမီ တင်ပို့ရောင်းချရန်ဖြစ်ကြောင်း သိရသည်။
ကော့သောင်းမြို့အနေဖြင့် ရေထွက်ကုန်တင်ပို့ရောင်းချမှုဖြင့် နိုင်ငံတော်အတွက် နှစ်စဉ် နိုင်ငံခြားငွေ ရှာဖွေပေးရာမြို့ဖြစ်သော်လည်း ယခင်ကနိုင်ငံတော်ပိုင်ရေထွက်ကုန်ပစ္စည်း တင်ချစစ်ဆေးရန် ဆိပ်ခံဘောတံတား မရှိခဲ့သည့်အတွက် ပုဂ္ဂလိကပိုင် ဆိပ်ခံတံတားများတွင် လုပ်ငန်းအဆင်ပြေစေရေး ဆိုက်ကပ် စစ်ဆေးမှုလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြရပြီး ယခုနှစ်အတွင်း တံတားချဉ်းကပ်လမ်းနှင့် ဆိပ်ခံဘော တံတားအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ကျပ်သိန်းတစ်သောင်းဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန ၊တံတားဦးစီးဌာနမှ တာဝန်ယူကာ တည်ဆောက်ခြင်းဖြစ်ရာ လာမည့်စက်တင်ဘာလအတွင်း လုပ်ငန်းများပြီးစီးနိုင်ရန် လျာထားကြောင်း၊ ကော့သောင်းခရိုင်အနေဖြင့် တစ်နေ့လျှင် ပျမ်းမျှ ငါးလှေ (၃၁)စီးခန့်ဖြင့် ငါးတန်ချိန် တစ်ထောင်ကျော်ကို တင်ပို့လျှက်ရှိပြီး တစ်နေ့နိုင်ငံခြားငွေ အမေရိကန် ဒေါ်လာ (ဝ.၈၉၅)သန်း ခန့် ရှာဖွေပေးလျှက်ရှိကြောင်း ကော့သောင်းခရိုင် ငါးလုပ်ငန်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးသန့်ဇင်က ပြောသည်။
အဆိုပါ တံတားဆောက်လုပ်ပြီးစီးပါက ခရိုင်အတွင်း ငါးဖမ်းငါးသယ်ရေယာဉ်များ ဆိုက်ကပ် စစ်ဆေးမှု လွယ်ကူမြန်ဆန်စွာဖြင့် နိုင်ငံခြားသို့ အရည်အသွေးစံချိန်မီ ရေထွက်ပစ္စည်း တင်ပို့ နိုင် မှု ပိုမိုကောင်းမွန်လာမည်ဖြစ်ပြီး နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေ ပိုမိုရရှိလာနိုင်ပြီး ဒေသတွင်း အသေးစား လက်လုပ်လက်စား ရေလုပ်ငန်း လုပ်ကိုင်သူများလည်း အလုပ်အကိုင်အခွင့် အလမ်းပိုမို ပေါ်ထွန်းလာမည်ဖြစ်ကြောင်းလည်း သိရသည်။
ကျော်စိုး (ကော့သောင်း)


