မိတ္ထီလာ ၁၃ မေ
မိတ္ထီလာမြို့နယ် ဆူးဖြူကွက်ကျေးရွာ၌ အသားတိုး ဆိတ်မွေးမြူရေးလုပ်ငန်းများ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင်း ပြည်ပဈေးကွက်မရှိဘဲ ပြည်တွင်းဈေးကွက်သာရှိ၍ အရောင်းအဝယ် ကျဆင်းလျက်ရှိကြောင်း ဆိတ်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။
အသားတိုး ဆိတ်မွေးမြူရေးလုပ်ငန်းများကို ၂၀၁၂ခုနှစ်မှ စတင်၍ မွေးမြူပြီး အသားတိုးဆိတ်များ မွေးမြူရာတွင် တစ်နှစ်သားရှိသည့် ဆိတ်အထီးများကို ခြံအတွင်း အစားကျွေးသည့်စနစ်ဖြင့် ခြောက်လ အကြာ ဝယ်ယူမွေးမြူပြီး ပြန်လည်ရောင်းချသည်။
ထိုသို့ ရောင်းချရာတွင်လည်း မူဆယ်၊ မြဝတီဘက်များမှ ဆိတ်ပွဲစားများက ကျေးရွာအရောက် အသားတိုး ဆိတ်များကို လာရောက်ဝယ်ယူလျက်ရှိသည်။ ၎င်း အသားတိုးဆိတ်များ ဝယ်ယူ ရောင်းချရာတွင် တစ်နှစ်သား ဆိတ်အထီးတစ်ကောင် ငွေကျပ် တစ်သိန်းနှုန်းပေးဝယ်ရပြီး ပြန်လည် ရောင်းချရာတွင် တစ်သိန်းခုနှစ်သောင်း ရရှိရ၍ အသားတိုးဆိတ်မွေးမြူသည့်လုပ်ငန်းမှာ အဆင်ပြေ၍ ယခုဆိုလျင် အလုပ်သမား (၃၀)ကျော်ဖြင့် အသားတိုးဆိတ်ကောင်ရေ ၁၁၂၀ ကို ခြံ (၁၄)ခြံဖြင့် မွေးမြူထားပြီး စီးပွားဖြစ်လုပ်ကိုင်နေသည့်အပြင် ကျေးရွာအတွင်းရှိ အိမ်ထောင်စုဝင်များ အလုပ်အကိုင် ရရှိစေရေး အသားတိုးဆိတ်များ မွေးမြူနိုင်စေရန် ငွေအရင်းအနှီးများ စိုက်ထုတ် ဆောင်ရွက် ပေးလျက်ရှိသည်။
ယင်းသို့ အသားတိုးဆိတ်များ မွေးမြူလျက်ရှိရာမှ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် မူဆယ်၊ မြဝတီ ဘက် ပွဲစားများမှ အသားတိုးဆိတ်များ ဝယ်ယူခြင်းမရှိသောကြောင့် ပြည်ပဈေးကွက်မရှိဘဲ ပြည်တွင်း ဈေးကွက် သာရှိ၍ အသားတိုးဆိတ်များ ရောင်းဝယ်သည့် လုပ်ငန်းများမှာ ကျဆင်းလျက်ရှိကြောင်း ဆူးဖြူကွက်ကျေးရွာမှ အသားတိုး ဆိတ်မွေးမြူသူ ဦးမောင်မြင့်က ပြောကြားခဲ့သည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)


