မန္တလေး  ၁၃  မေ

 

သရက်စိုက်တောင်သူများအနေဖြင့် သရက်ဈေးကွက်အတွင်း သရက်သီးနှင့်အတူ တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်၍ တွဲဖက်ရောင်းချနိုင်ရန် ကြိုးစားလုပ်ဆောင်သင့်ကြောင်း မြန်မာနိုင်ငံ သရက်စိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ပြောသည်။

 

ယခုနှစ် သရက်သီးရာသီချိန်တွင် သရက်စိုက်တောင်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါအခြေအနေကြောင့် တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချရာတွင် ပို့ဆောင်မှုအခက်အခဲများဖြစ်ပေါ်ကာ ဈေးနှုန်းကျဆင်းမှုများနှင့် ကြုံတွေ့နေရသဖြင့် ဈေးကွက်အခြေအနေ ကောင်းမွန်ခြင်းမရှိကြောင်း သိရသည်။

 

“ဒီနှစ်သရက်ဈေးကွက်က တင်ပို့မှုအခက်အခဲတွေကြောင့် အရင်နှစ်တွေက 16 Kg တစ်ခြင်းကို ပုံမှန် တရုတ်ဝမ်ငွေ ၁၆၀ ကနေ ၁၇၀ လောက်ရခဲ့ပေမယ့် ဒီနှစ်မှာတော့ တစ်ခြင်းကို ဝမ်ငွေ ၁၂၀ ကနေ ၁၄၀ လောက်နဲ့ပဲ ရောင်းနေရတယ်။ ဒါအပြင် မူဆယ်ရောက်ရင် ကားချိန်းပြီးမှ တရုတ်ပြည်ထဲအထိ တင်ပို့ရောင်းချနေရလို့ အခက်အခဲတွေ ကြုံတွေ့နေရပြီး လက်ရှိကာလမှာ တရုတ်ငွေဈေးကလည်း ကျဆင်းနေတဲ့အတွက် ဈေးကွက် အခြေအနေ မကောင်းဘူးလို့ ပြောလို့ရပါတယ်။ ဒါကြောင့် သရက်သီးကို အနှစ်ကနေ တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်တဲ့လုပ်ငန်းနဲ့ တွဲဖက်မလုပ်ဘူးဆိုရင် အရှုံးနဲ့ပဲ တောက်လျှောက်ရင်ဆိုင်နေရမှာပါ။ သရက်ဈေးကွက်မှာ ဒီလို အလားတူ အဖြစ်အပျက်တွေလည်း အများကြီး ကြုံတွေ့ခဲ့ရပြီးဖြစ်တဲ့အတွက် ဝယ်လို့ ရောင်းလို့ရတဲ့ အရည်အသွေးကောင်း အသီးတွေကိုရောင်းပြီး အရည်အသွေး မပြည့်မီတဲ့အသီးတွေကို သရက်ပြင်၊ သရက်ခြောက်နဲ့ အနှစ်တွေထုတ်ပြီး တန်ဖိုးမြှင့်ထုတ်လုပ်နိုင်မယ်ဆိုရင် အမှိုက်ထဲက ရွှေဖြစ်လာမှာပါ။ ဒီလို မလုပ်ထားရင် လွှင့်ပစ်ရမယ့် အနေထားမှာရှိပါတယ်။ ဒါကြောင့် သရက်သီးဈေးကွက်ကို တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်တဲ့ လုပ်ငန်းနဲ့ တွဲဖက်ပြီး လုပ်ဆောင်ကြပါလို့ အကြံပြုချင်ပါတယ်” ဟု ၎င်းက ပြောသည်။

 

ထို့ပြင် ယခုနှစ်တွင် သရက်သီးအား တရုတ်နိုင်ငံသို့တင်ပို့ရန် အခက်အခဲများကြောင့် ပြည်တွင်းဈေးကွက်၌ သရက်သီးကို ဈေးနှုန်းချိုသာစွာဖြင့် သရက်သီးများအား ပေါများစွာ စားသုံးလာနိုင်သည့်အပြင် ကိုဗစ်-၁၉ ရောဂါ အခြေအနေကြောင့် အိမ်တိုင်ရာရောက် ပို့ဆောင်ပေးသော အွန်လိုင်းဈေးကွက်စနစ်တစ်ခု ပေါ်လာခဲ့သည့် အတွက်လည်း လက်ခံကြိုဆိုပါကြောင်းနှင့် လက်ရှိတွင် လေယာဉ်ခရီးစဉ်များ ပိတ်ထားခဲ့သော်လည်း ပြည်ပနိုင်ငံများဖြစ်သည့် စင်္ကာပူနှင့် တရုတ်နိုင်ငံအတွင်းပိုင်းသို့ သရက်သီးများအား ရေကြောင်းလိုင်းဖြင့် အဆင်ပြေစွာ တင်ပို့ရောင်းချမှုများရှိကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

 

မြန်မာထွက်ကုန်သရက်သီးကို နိုင်ငံတကာဈေးကွက်သို့ တိုးချဲ့တင်ပို့ရောင်းချနိုင်ရန် ရည်ရွယ်၍ ယခင်နှစ်များက သရက်သီးအစုအဖွဲ့များ ပူးပေါင်းစီစဉ်ကျင်းပခဲ့သည့် သရက်သီးပွဲတော်ကိုလည်း လက်ရှိဖြစ်ပေါ်နေသည့် ကိုဗစ်-၁၉ ရောဂါအခြေအနေကြောင့် ယခုနှစ်တွင် အဆိုပါပွဲတော်အား ကျင်းပရန် အစီအစဉ်မရှိကြောင်း သိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)