ထီးလင်း    ၁၃  မေ   

 

မကွေးတိုင်းဒေသကြီး ထီးလင်းမြို့နယ် ထန်းပင်ကုန်းကျေးရွာတွင် ကျေးရွာဘက်စုံသုံးခန်းမ အဆောက်အအုံသစ် ဆောက်လုပ် နေမှုကို ယနေ့ နံနက် ၉ နာရီခွဲက မြို့နယ် လူထုဗဟိုပြုစီမံကိန်းမှ ဝယ်ယူရေးအရာရှိ ဒေါ်အေးစိုးဦးနှင့် အဖွဲ့ဝင်များက ကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သိရသည်။ 

 

ထိုသို့ စစ်ဆေးရာတွင် ထန်းပင်ကုန်းကျေးရွာ ဒေသဖွံ့ဖြိုးရေးအတွက် စတုတ္ထနှစ်စက်ဝန်း လူထုဗဟိုပြုစီမံကိန်းထောက်ပံ့ငွေ ၁၁၇ သိန်း၊ ကျေးရွာပြည်သူလူထု ထည့်ဝင်ငွေ ကျပ် ၅၈ သိန်းဖြင့် အလျား ၈၀ ပေ ၊ အနံ ၄၀ ပေ ၊ အမြင့် ၁၁ ပေရှိ ကျေးရွာသုံး ဘက်စုံခန်းမ အဆောက်အအုံသစ် ဆောက်လုပ်နေမှုနှင့် စပ်လျဉ်းပြီး နည်းပညာပိုင်းဆိုင်ရာ လိုအပ်ချက်များ၊ လုပ်ငန်းသုံးပစ္စည်း ထားရှိမှုနှင့် အရည်အသွေး ပြည့်မီမှုရှိ မရှိတို့ကို ကြည့်ရှုစစ်ဆေးပြီး အချိန်မီပြီးစီးရေးနှင့် လုပ်ငန်းအရည်အသွေး ပြည့်မီရေးတို့အတွက် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ 

 

အဆိုပါ ကျေးရွာဘက်စုံသုံးခန်းမ အဆောက်အအုံသစ်အား ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၁၈ ရက်မှစတင်ကာ ဆောက်လုပ်ခဲ့ပြီး မေလကုန်အပြီး ဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိရကာ လက်ရှိတွင် တည်ဆောက်ပြီးစီးမှု ၈၅ ရာခိုင်နှုန်းခန့် ပြီးစီးသွားပြီ ဖြစ်ကြောင်း သိရသည်။

 

ထီးလင်းမြို့နယ်တွင် စတုတ္ထနှစ်စက်ဝန်း လူထုဗဟိုပြုစီမံကိန်းထောက်ပံ့ငွေဖြင့် ကျေးရွာပေါင်း (၉၃)ရွာတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းခွဲပေါင်း ၁၂၉ ခု အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ကျေးရွာသုံး ဘက်စုံခန်းမဆောင် ဆောက်လုပ်ခြင်းလုပ်ငန်းအနေဖြင့် ၂၄ ခု ဆောင်ရွက်လျက်ရှိကြောင်း ထီးလင်းမြို့နယ် လူထုဗဟိုပြုစီမံကိန်းရုံးမှ နယ်မြေကြီးကြပ်ရေးမှူး ဦးကျော်ဇေယျထံမှ သိရသည်။  

 

ရဲဝင်းနိုင် (ညောင်ဦး)