ရန်ကုန် ၁၃ မေ
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း စားနပ်ရိက္ခာအတွက် အခက်အခဲကြုံတွေ့နေသော နာမကျန်း ဖြစ်နေသူများ၊ မသန်စွမ်းသူများနှင့် သက်ကြီးဘိုးဘွားများအား အိမ်တိုင်ရာရောက် စားနပ်ရိက္ခာလှူဒါန်းသည့် “လိုရင်ခေါ်ပါ” အစီအစဉ်ကို သန့်ရှင်းသောရန်ကုန် (Clean Yangon) အဖွဲ့ က ရန်ကုန်တိုင်းဒေသကြီးအတွင်း စတင် ဆောင်ရွက်လျက်ရှိသည်။
သန့်ရှင်းသော ရန်ကုန် (Clean Yangon) အဖွဲ့ တည်ထောင်သူ ဦးဇေယျာထွန်းက “တကယ်အခက်အခဲဖြစ်နေတဲ့ ကျန်းမာရေး မကောင်းသူတွေ၊ မသန်စွမ်းသူတွေနဲ့ သက်ကြီးဘိုးဘွားတွေအနေနဲ့ ကျွန်တော်တို့ကို ဖုန်းနဲ့ဆက်သွယ်ပြီး အကူအညီ တောင်းခံနိုင်ပါတယ်။ ဖုန်းနံပါတ် ၀၉- ၄၅၀၀၃၄၀၁၄ ကိုဆက်သွယ်လိုက်ပါ။ အဓိကကတော့ စားနပ်ရိက္ခာ တကယ်လိုအပ်နေတဲ့ ကျန်းမာရေးမကောင်းသူတွေ၊ မသန်စွမ်းသူတွေနဲ့ သက်ကြီးဘိုးဘွားတွေကို ရရှိစေချင်လို့ပါ။ အိမ်တိုင်ရာရောက် သွားရောက်လှူဒါန်းပေးတဲ့စနစ်ကို ကျင့်သုံးထားပါတယ်။ အကူအညီ တောင်းခံလာသူ အတော်များများကိုလည်း ကျွန်တော်တို့အနေနဲ့ အလှူရှင် ရရင်ရသလို တိုးချဲ့ပြီး ထပ်မံလှူဒါန်းသွားဖို့ စီစဉ်ထား ပါတယ်” ဟု ပြောသည်။
အဆိုပါ အစီအစဉ်ကို သန့်ရှင်းသောရန်ကုန် (Clean Yangon) အဖွဲ့က မေ ၁၂ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ စတင်ဆောင်ရွက်ခဲ့ပြီး ယနေ့ မေ ၁၃ ရက်အထိ နှစ်ရက်တာကာလအတွင်း အကူအညီ တောင်းခံလာသူ ၁၅၀ ခန့်အား ဆန်၊ ဆီ၊ ငါးသေတ္တာ၊ ကုလားပဲ စသည့် အခြေခံစားသောက်ကုန်များ အပါအဝင် အာဟာရဖြစ်စေမည့် စားသောက် ကုန်များကို ထောက်ပံ့လှူဒါန်းခဲ့သည့်အပြင် အကူအညီတောင်းခံလာသည့် စာရင်းများအား အလှူရှင်ရရှိမှု အပေါ်မူတည်ကာ ထပ်မံတိုးချဲ့လှူဒါန်းမှုများ ပြုလုပ်သွားရန်စီစဉ်ထားကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။
အလားတူ လက်ရှိကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ စေတနာရှင် အလှူရှင်များ၊ အရပ်ဘက် လူမှုအဖွဲ့ အစည်းများက ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့လှူဒါန်းမှုများ ပြုလုပ်လျက်ရှိသည့်အပြင် နှာခေါင်းစည်းများ အခမဲ့ဝေမျှခြင်းတို့ကို ပြုလုပ်လျက်ရှိသည်။
သတင်း-ဇော်ကြီး၊ ဓာတ်ပုံ- Clean Yangon


