နေပြည်တော်  ၁၃  မေ

 

ဆန်နှင့်ပဲမျိုးစုံ ပြည်ပသို့ တိုးမြှင့်တင်ပို့နိုင်ရေးနှင့် စိုက်ပျိုးရာသီအမီ သွင်းအားစု ဓာတ်မြေသြဇာ ပိုးသတ်ဆေးများ လွယ်ကူလျင်မြန်စွာ တင်သွင်းနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်နှင့် ရန်ကုန်မြို့ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၌ Video Conferencing စနစ်ဖြင့် ကျင်းပသည်။

 

ရှေးဦးစွာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် က အမှာစကား ပြောကြားရာတွင် ကိုဗစ်-၁၉  ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ ညှိနှိုင်းအစည်းအဝေး တွင် မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်သဖြင့် ကိုဗစ်-၁၉  အလွန်ကာလတွင် စိုက်ပျိုးရေးအခြေခံ စားသောက်ကုန် ထုတ်လုပ်သည့် နိုင်ငံဖြစ်စေရန် ဆောင်ရွက်နိုင်ရေး လမ်းညွှန်ခဲ့ပါကြောင်း၊ စားသောက်ကုန် ရိက္ခာမှာ အဓိကဖြစ်သည့် အတွက် ရာသီချိန်အမီ စိုက်ပျိုးရေးသွင်းအားစုများ အချိန်မီရောက်ရှိရန် လိုအပ်ပါကြောင်း၊ ဝန်ကြီးဌာနများအပိုင်းက မည်ကဲ့သို့ ကူညီဆောင်ရွက်ပေးရမည်၊ ဖြေလျော့ပေးရမည်ကို အသင်းအဖွဲ့တာဝန်ရှိသူများက တင်ပြစေလိုပါကြောင်း၊ ဆန်ပြည်ပ တင်ပို့ရောင်းချရာတွင် သင့်လျော်သည့် ဈေးကွက် ဈေးနှုန်းဖြစ်စေရန် လိုအပ်ပါကြောင်း၊ အခက်အခဲ တွေ့ကြုံရသည့် နိုင်ငံအပေါ်တွင် သင့်တင့်သည့်ဈေးနှုန်းနှင့် ကောင်းမွန်သည့် အရည်အသွေးရှိသည့် ဆန်များ ရောင်းချစေ လိုပါကြောင်း၊ အချို့နိုင်ငံများမှ ဆန်ရောင်းချပေးရန် ပြောကြားမှုများရှိပါကြောင်း၊ ပဲမျိုးစုံ ပြည်ပတင်ပို့ရာတွင် အပင်ပိုးမွှားရောဂါ Certificate အခက်အခဲများကိုလည်း သက်ဆိုင်ရာ ဝန်ကြီးဌာနများက အတက်နိုင်ဆုံး ဖြေရှင်း ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ အခက်အခဲများကို စုပေါင်းဖြေရှင်း၍ ကျော်လွှားဆောင်ရွက်သွားမည်ဖြစ်ပြီး ကိုဗစ်-၁၉ အလွန်ကာလတွင် နိုင်ငံစီးပွားရေးတိုးတက်အောင် ဆောင်ရွက်နိုင်ရန်အတွက် အကြံဉာဏ်များ ပေးစေလို ကြောင်း ပြောကြားသည်။

 

ဆက်လက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များ၊ အပင်ပိုးမွှားရောဂါ စစ်ဆေးခြင်း လုပ်ငန်း ရပ်တန့်မှုမရှိအောင် စီစဉ်ဆောင်ရွက်နေမှုများကို ရှင်းလင်းဆွေးနွေးပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြည်ပသို့ ဆန်တင်ပို့ရန် ရည်မှန်းထားမှုများ အရေးပေါ်ဆန်နှင့် ဆီဝယ်ယူမှု အခြေအနေများ ဆန်ဈေးကွက် ရေရှည်ရရှိစေရန်ကိစ္စရပ်များ ခေတ်မီသိုလှောင်ရုံများ၊ အအေးခန်းသိုလှောင်ရုံများ၊ Logastic ကဏ္ဍလိုအပ်ချက်များကို ဆွေးနွေးသည်။

 

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း၊ မြန်မာနိုင်ငံ ဆန်စက်ပိုင်ရှင်များအသင်း၊ မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းတို့မှ  တာဝန်ရှိသူများက လုပ်ငန်းကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြသည်။

 

သတင်းစဉ်