၁၄  မေ

 

ကိုဗစ်-၁၉ ရောဂါကပ်ဘေးကြီး ကမ္ဘာတစ်ဝှမ်းမှာ ပျံ့နှံ့လာနေတာဟာ ၄ လကျော်လွန်လာခဲ့ပြီ ဖြစ်ပါတယ်။ လူပေါင်း ၄ သန်းနီးပါး ရောဂါကူးစက်ခံခဲ့ရပြီး သေဆုံးသူအရေအတွက်လည်း ၂ သိန်း ၆ သောင်းကျော်အထိ ရှိခဲ့ပါတယ်။

 

ဒီဆိုးရွားလှတဲ့ ကူးစက်ရောဂါ ကပ်ဘေးကြီးဟာ ကမ္ဘာတစ်ဝှမ်းက လူတွေဆီကို ကူးစက်မြန် အဆုတ်ရောင်ရောဂါအပြင် တခြားသော ဘေးထွက်ဆိုးကျိုးတွေကိုပါ ယူဆောင်လာခဲ့ပါတယ်။

 

ဒီရောဂါဟာ နဂို နာတာရှည်ရောဂါ အခံရှိသူတွေကို ပိုမိုထိခိုက်စေခဲ့သလို ပုံသဏ္ဍာန်မျိုးစုံနဲ့ ကူးစက်ပြန့်နှံ့နိုင်တာကြောင့် နေအိမ်တွင်းမှာသာနေထိုင်ကြဖို့ အစိုးရအာဏာပိုင်တွေက တိုက်တွန်းမှုတွေ ပြုလုပ်ခဲ့ကြပြီး Stay Home အနေနဲ့ နေအိမ်တွေကနေ အပြင်ကို မထွက်ဘဲ လနဲ့ချီ နေထိုင်ခဲ့ကြရပါတယ်။

 

Stay Home လုပ်ဆောင်ချက်ဟာ ရောဂါကာကွယ်ရေးမှာ ထိရောက်တဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ်ပေမယ့် တခြားဘက်မှာလည်း နောက်ဆက်တွဲအကျိုးဆက်တွေကို လူအများအနေနဲ့ ခံစားခဲ့ကြရပါတယ်။

 

Stay Home ရဲ့ နောက်မှာ

 

အဓိကအားဖြင့် Stay Home ကာလတွေမှာ လူအများစုဟာ နေအိမ်ကနေ အပြင်ကို ထွက်ဖို့ စိတ်ဆန္ဒပြင်းပြကြလေ့ရှိပါတယ်။ ဒါကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရမှုတွေ ရှိလာကြတာမို့ စိတ်ကျန်းမာရေးပညာရှင်တွေနဲ့ တိုင်ပင်ဆွေးနွေးမှုတွေပြုလုပ်ဖို့ ကျန်းမာရေးဌာနတွေက တိုက်တွန်းကြတာဖြစ်ပါတယ်။

 

ဒါပေမယ့် အိမ်ပြင်ထွက်ချင်၊ စိတ်ဖိစီးမှုများလာတာ၊ စိတ်ဒဏ်ရာရတာတွေချည်းပဲ Stay Home ရဲ့ ဘေးထွက်ဆိုးကျိုးတွေ မဟုတ်ကြပါဘူး။ နောက်ထပ် လူမသိသူမသိ ဘေးထွက်ဆိုးကျိုး တစ်မျိုးလည်းရှိနေပါသေးတယ်။

 

ဒါကတော့ အဖြစ်နည်းပေမယ့် ရေရှည်ပြဿနာတစ်ခုအဖြစ် သတ်မှတ်ခံထားရတဲ့ ဝေဒနာတစ်မျိုးဖြစ်ပါတယ်။ လေ့လာချက်တွေအရလည်း Stay Home နေခဲ့ကြသူတွေရဲ့ ၁၅ % လောက်ဟာ ဒီဝေဒနာကို ခံစားကြရတယ်လို့ ဆိုကြပါတယ်။

 

ဒါကတော့ အိမ်ပြင်ထွက်ရမှာကို ကြောက်ရွံ့ခြင်း (Fear of Leaving the House) ပါပဲ။

 

Agoraphobia လား PTSD လား

 

ကိုဗစ်-၁၉ ရဲ့ ဒဏ်ကို စောစောစီးစီးခံခဲ့ရတဲ့ တိုင်းပြည်တချို့ဟာ လက်ရှိအချိန်မှာ ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်နေကြပြီဖြစ်ပါတယ်။

 

တရုတ်နိုင်ငံမှာ ရောဂါကူးနှုန်း အလွန်အမင်း သိသိသာသာကျဆင်း သွားပြီဖြစ်တာကြောင့် Lockdown ချထားတဲ့ မြို့တွေကို ရုတ်သိမ်းပေးခဲ့ပြီး လူတွေ အိမ်ပြင်ပြန်ထွက်ခွင့်နဲ့ လုပ်ငန်းခွင် ပြန်ဝင်ခွင့်ရလာကြပါတယ်။ အီတလီ၊ ဂျာမနီစတဲ့ တိုင်းပြည်တွေမှာလည်း လုပ်ငန်းခွင်တွေ၊ ခရီးသွားလုပ်ငန်းတွေ၊ စားသောက်ဆိုင်တွေကို ပြန်ဖွင့်ကြတော့မှာဖြစ်ပါတယ်။

 

အမေရိကန်နိုင်ငံမှာလည်း နယူးယောက်လိုပြည်နယ်မျိုးတွေမှာ ရောဂါထိန်းချုပ်ရေးအတွက် ရုံးကန်နေရပေမယ့် တိုင်းပြည်ရဲ့ နေရာအများစုကိုတော့ ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်ပေးနေပါပြီ။ ဒီလိုအခြေအနေမျိုး ရောက်လာချိန်မှာ နေအိမ်ထဲကနေ အိမ်ပြင်ကို အရမ်းထွက်ချင်နေတဲ့ လူအုပ်ကြီးကြားမှာ အိမ်ပြင်ကို ပြန်မထွက်ချင်ဘဲ ကြောက်ရွံ့နေတဲ့ လူတွေရှိနေတာကို သတိထားမိလာကြရပါတယ်။

 

ဒီလူတွေဟာ ရောဂါပိုးကြောင့်ဖြစ်ပျက်ခဲ့တာတွေကို စွဲလမ်းနေတတ်ပြီး အပြင်ပြန်ထွက်ရင် ဘေးဘယာတွေ ကြုံရနိုင်တယ်၊ လူတွေက အန္တရာယ်ပြုနိုင်တယ်၊ ရောဂါပိုး ပြန်ကူးစက်နိုင်တယ်လို့ အလွန်အမင်း စိုးရိမ်နေသူတွေဖြစ်ကြပါတယ်။

 

အိမ်ပြင်ထွက်ရမှာကို ကြောက်ရွံ့တဲ့ စိတ်ဝေဒနာဟာ Agoraphobia နဲ့ ဆင်တူပါတယ်။ Agoraphobia ဆိုတာက နေအိမ်လို၊ အရိပ်အကာရှိတဲ့နေရာတွေကနေ လမ်းမလို ဟင်းလင်းနေရာတွေကို ထွက်ရမှာကို ကြောက်ရွံ့တဲ့ စိတ်ဝေဒနာတစ်မျိုးဖြစ်ပါတယ်။

 

လက်ရှိအချိန်မှာ ကိုဗစ်-၁၉ ကြောင့် အပြင်ထွက်ရမှာကို ကြောက်ရွံ့တဲ့ စိတ်ဝေဒနာစွဲကပ်နေသူတွေကို Agoraphobia ဝေဒနာရှင်တွေလို့ သတ်မှတ်ခြင်းမရှိသေးပါဘူး။ ဆိုးရွားတဲ့ အခြေအနေတစ်ခုခုကို ကြုံဆုံရပြီးနောက် Shock ရကာ စိတ်ထိခိုက်သွားတဲ့ Posttraumatic stress disorder (PTSD) ရောဂါမျိုး ပိုဖြစ်နိုင်တယ်လို့ ယူဆထားကြပါတယ်။

 

ကိုဗစ်-၁၉ နဲ့ Stay Home အစီအမံတွေကြောင့် Shock ရကာ အပြင်ထွက်ဖို့ စိုးရိမ်ထိတ်လန့်နေတာမို့ PSTD ဖြစ်ဖို့ ပိုအခြေအနေများတယ်လို့ ဆိုနေကြတာပါ။ ဒါပေမယ့် အပြင်ထွက်ရင် တစ်စုံတစ်ရာ ထိခိုက်မယ်၊ ရောဂါတွေကူးစက်မယ်ဆိုတဲ့ အတွေးဆိုးတွေနဲ့ ကြောက်ရွံ့နေတဲ့ လက္ခဏာတွေကတော့ Agoraphobia တွေနဲ့ အတော်ကို ဆင်တူနေပါတယ်။

 

ယခုလို စိတ်ထဲမှာခံစားနေရတာဟာ ရောဂါပိုးအပေါ် အလွန်အမင်းကြောက်ရွံ့နေမိတာ၊ Lockdown နဲ့ Stay Home ကြောင့် စိတ်ဖိစီးမှုနဲ့ စိတ်ဒါဏ်ရာ ကြီးကြီးမားမားရနေတာ၊ နဂိုအခံအားဖြင့် သံသယလွန်ကဲတတ်တဲ့လူမျိုးဖြစ်နေတာ၊ စိတ်သောက၊ စိတ်ဓာတ်ကျခြင်း၊ Social phobia နဲ့ စတဲ့ စိတ်ဝေဒနာတစ်မျိုးမျိုး အခံရှိနေတာတွေကြောင့်ဖြစ်နိုင်ပါတယ်။

 

မကြောက်ပါနဲ့၊ တိုင်ပင်ပါ

 

Webmd ကျန်းမာရေးဝက်ဘ်ဆိုက်ရဲ့ စစ်တမ်းတစ်ခုအရ ကိုဗစ်ကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု တစ်စုံတစ်ရာ ခံစားနေရသူတွေရဲ့ ၇၇ % ဟာ ဆွေးနွေးတိုင်ပင်မှုတွေ မခံယူကြဘူးလို့ဆိုပါတယ်။

 

တချို့တွေက အခြေအနေတွေ မတည်ငြိမ်သေးဘူးလို့ ယူဆကြတာကြောင့်ဖြစ်သလို တချို့တွေကတော့ သူတို့မှာ စွဲကပ်နေတဲ့ ဝေဒနာတွေဟာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုကြောင့်ဆိုတာကို မသိကြတာကြောင့်လို့ဆိုပါတယ်။

 

ကတယ်လို့ ကိုယ်က အိမ်ပြင်ထွက်ရမှာကို ကြောက်ရွံ့နေမိပြီဆိုရင် ဒါက ရောဂါပိုးကြောင့် လိုတာထက် ပိုမိုပြီး စိုးရိမ်မှုလွန်ကဲနေတာလို့ တစ်ထစ်ချ မှတ်ယူလို့မရပါဘူး။ အိမ်ပြင်ထွက်ရမှာကို အမှန်တကယ် ကြောက်ရွံ့နေတာ ဖြစ်နိုင်ပါတယ်။

 

ဒါကြောင့် ကျွမ်းကျင်တဲ့ ဆေးပညာရှင်တွေ၊ ကျန်းမာရေးစောင့်ရှောက်သူတွေနဲ့ တိုင်ပင်နှီးနှောမှုပြုလုပ်ဖို့ လိုအပ်ပါတယ်။ ဒီလိုမှမဟုတ်ပဲ ဂရုမစိုက်မိတာမျိုးပြုလုပ်မိမယ်ဆိုရင် ရေရှည်မှာ စိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာကြီးကြီးမားမားတွေ ကြုံလာရနိုင်ပါတယ်။

 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 ရေးသားသူ Ye Zon Aung

 

COVID-19 Outbreak updates

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”