မန္တလေး  ၁၄   မေ

 

ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် မြန်မာနိုင်ငံဆရာဝန်အသင်း (မန္တလေးတိုင်းဒေသကြီး) တို့ပူးပေါင်း၍ အခမဲ့ ဖျားနာရောဂါကုသရေးဆေးခန်း (၃) (Fever Clinic) ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင် အဝိုင်းပတ်အနီးတွင် မေ ၁၄ ရက်နေ့ နံနက် ၉ နာရီက ဖွင့်လှစ်ခဲ့သည်။

 

 "ရောဂါကိုစောစောစီးစီးသိရင် အပျက်စီးနည်းတယ်၊ အဲဒါကြောင့် ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကာကွယ်ရေးအတွက် အပြင်းအထန်လုပ်နေချိန် ကျွန်တော်တို့ကလည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဌာနရဲ့လုပ်ငန်းတွေမှာ တက်နိုင်သလောက်ပါဝင်ပြီး လုပ်ဆောင်ချင်တဲ့ ရည်ရွယ်ချက်နဲ့ လုပ်တာပါ၊ ရှေ့တစ်ပတ်လောက်မှာ မဟာအောင်မြေမြို့နယ်မှာ ထပ်ဖွင့်ဖို့ စီစဉ်ထားပါတယ်။" ဟု မြန်မာ နိုင်ငံဆရာဝန်များအသင်း(မန္တလေးတိုင်းဒေသကြီး)၏ MMA COVID-19 Response Team အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာ ခင်မောင်ကျော်ကပြောသည်။

 

အခမဲ့ဖျားနာရောဂါ ကုသရေးဆေးခန်းများကို  ပထမအနေဖြင့် ချမ်းမြသာစည်မြို့နယ်တွင် ဖွင့်လှစ်ခဲ့ပြီး ဒုတိယ ဆေးခန်းကို အောင်မြေသာစံမြို့နယ်တွင် ဖွင့်လှစ်ခဲ့ကြောင်း၊ တစ်နေ့လျှင် စေတနာ့ဝန်ထမ်း ဆရာဝန်နှစ်ဦးမှ အလှည့်ကျတာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်း၊ အခမဲ့ဖျားနာ ရောဂါကုသရေး ဆေးခန်းများ ဆက်လက်ဖွင့်လှစ်သွားနိုင်ရန် ပူးပေါင်းပါဝင်လှူဒါန်းကြမည့် အလှူရှင်များလည်း လိုအပ်နေကြောင်း သိရသည်။

 

 ထိပ်ထားနိုင်