ညောင်ဦး ၁၄ မေ

 

မြန်မာ့သစ်လုပ်ငန်း သစ်ထုတ်ရေးဌာနက ဖွင့်လှစ်ထားရှိသည့် မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၊ အနောက်ပုလင်းကျေးရွာအနီး ဧရာဝတီမြစ်ကမ်းဘေးတွင် ဖွင့်လှစ်ထားရှိသည့် ပလင်းကမ်းသာယာ ဆင်စခန်းရှိဆင်များ ကိုဗစ်-၁၉ ရောဂါကြောင့် ယာယီပိတ်ထား စဉ်ကာလအတွင်း မြန်မာပြည် အနယ်နယ်အရပ်က ဆင်ချစ်သူများမှ ပလင်းကမ်းသာယာဆင်စခန်းရှိ ဆင်များ ကျွေးမွေးနိုင်ရန် ပေးပို့လှူဒါန်းလျက်ရှိကြောင်း ပလင်းကမ်းသာယာဆင်းစခန်းမှ  ဒေါ်တင်လေးနွယ်(သစ်အုပ်ကြီး)ထံက သိရသည်။

 

ကိုဗစ်-၁၉ ရောဂါကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ဖွင့်လှစ်ထားရှိသည့် ဆင်စခန်း (၂၂)ခုလုံးအား မတ် ၂၅ ရက်နေ့ နံနက်ပိုင်းမှစတင်ကာ ခေတ္တယာယီ ပိတ်ထားခဲ့ရာ ဆင်များအတွက် အစားအစာများ လိုအပ်လျက်ရှိကြောင်း တောတွင်းအမှီပြုဖွင့် လှစ်ထားသည့် ဆင်စခန်းရှိ ဆင်များအတွက် အစားအစာပြဿနာမရှိပေမယ့် ခရီးသွားမြို့များ အနီးဖွင့်လှစ်ထားသည့် ဆင်စခန်းရှိ ဆင်များအတွက် လွှတ်ကျောင်းစရာ စားကျက်မြေမရှိခြင်းကြောင့် ဆင်ချစ်သူများလှူဒါန်းသည့် ဆင်စာများဖြင့် ကျွေးမွေးနေရကြောင်း သိရသည်။

 

မြန်မာနိုင်ငံတွင် ဆင်အခြေပြုခရီးသွားလုပ်ငန်း စတင်အကောင်အထည်ဖော်ဆောင်လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါကြောင့် ဆင်စခန်းအားလုံး ယာယီပိတ်ထားချိန်ကာလအတွင်း ဆင်ချစ်သူများက ပလင်းကမ်းသာယာ ဆင်စခန်းသို့ ဆင်စာများလှူဒါန်းလျက်ရှိရာ မေ ၁၄ ရက်နေ့ နံနက်ပိုင်းက မြင်းခြံမြို့ ဦးဝင်းကို၊ ဒေါ်သင်းသင်း၊ စံပြရွာမိသားစုက ကြံများလာရောက်လှူဒါန်းရာ TE ကားတစ်စီးတိုက်၊ ကြံချောင်းအရေအတွက် ၁၆၀ဝ ကျော်၊ ကာလတန်ကြေး ငါးသိန်းဖိုးခန့် လာရောက်လှူဒါန်းခဲ့ကြောင်း သိရပြီး မေ ၁၀ ရက်နေ့ကလည်း ရန်ကုန်မြို့နေ ကိုပြည့်ဖြိုးဇနီးမောင်နှံက ဆင်ဘူဖေးအတွက် ငါးသောင်းကျပ်လှူဒါန်းခဲ့သည်။

 

မြန်မာသစ်လုပ်ငန်းမှ ဖွင့်လှစ်ထားရှိသည့် ဆင်အခြေပြုခရီးသွားလုပ်ငန်း ကိုဗစ်-၁၉ ရောဂါကာလအတွင်း ဆင်စခန်း(၂၂)ခုမှဆင်များအား မြန်မာနိုင်ငံအရပ်ရပ်မှ ဆင်ချစ်သူများက ဆင်စာများ မိမိတို့တတ်နိုင်သလောက် လှူဒါန်းနိုင်ကြကြောင်း သိရသည်။

 

မောင်မောင်ထိန်၊ကျောက်ပန်းတောင်း