ပင်းတယ ၁၄ မေ
ပင်းတယမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ရပ်ကွက်/ကျေးရွာနေပြည်သူများအား မျိုးစေ့နှင့် ပျိုးပင်များကို ယနေ့ နံနက် ၉ နာရီက အဆိုပါရုံး၌ အခမဲ့ဖြန့်ဝေပေးသည်။
မျိုးစေ့နှင့် ပျိုးပင်များ အခမဲ့ ဖြန့်ဝေခြင်းနှင့်ပတ်သက်၍ “ကျွန်မတို့စိုက်ပျိုးရေးဦးစီး ဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ် ကာလမှာ Home Gardening စိုက်ပျိုးနိုင်ရေး အတွက် ပြည်သူတွေကို နည်းပညာ၊ မျိုးစေ့၊ ပျိုးပင်နှင့် လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေ ပေးလျက်ရှိပြီး မြို့နယ်ရှိ ရပ်ကွက်/ကျေးရွာများမှ ဒေသနေတိုင်းရင်းသားမိဘပြည်သူများကို တစ်အိမ်ထောင်လျှင် မျိုးစေ့ထုပ်သုံးမျိုးဖြင့် ဖြန့်ဝေပေးပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မော်မော်လွင်က ပြောသည်။
ကိုဗစ်-၁၉ ရောဂါဖြစ်ပွါးစဉ်ကာလအတွင်း လူဦးရေ ထူထပ်သည့် ဈေးများသို့ သွားရောက် ဝယ်ယူခြင်းကို လျော့ချနိုင်ရန်နှင့် မိမိအိမ်ခြံဝင်းအတွင်း အဟာရပြည့်ဝပြီး သန့်ရှင်းလတ်ဆတ်သည့် စားပင်သီးပင်များ စိုက်ပျိုး၍ ဆွတ်ခူးစားသုံးနိုင်ရန်နှင့် ပိုလျှံသည့်အသီးအနှံများကို ရောင်းချရာတွင် မိသားစုအပိုဝင်ငွေ ရရှိစေရန်အတွက် ရည်ရွယ်ကာ ယခုလို မျိုးစေ့နှင့် ပျိုးပင်များ အခမဲ့ ဖြန့်ဝေပေးခြင်းဖြစ်ကြောင်း သိရသည်။
ခင်မျိုးနွယ်(ပင်းတယ)


