နတ်တလင်း ၁၄ မေ

 

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် နတ်တလင်းမြို့နယ် တောင်ယာတောရွာတွင် မေ ၁၃ ရက် ညနေ ၆ နာရီခွဲခန့်၌ ဦးသောင်းရွှေသည် နေအိမ်တွင် ရှိနေစဉ် အိမ်ခြေရင်း(မြောက်ဘက်)၌ နေထိုင်သော တူဖြစ်သူ အောင်မင်းဦးမှာ အရက်မူးပြီး ဦးသောင်းရွှေ၏ နေအိမ်သို့ ဝင်ရောက်လာကြောင်း၊ ဦးသောင်းရွှေ ပိုင်ဆိုင်သည့်လယ်အား လုပ်စားခွင့် လာရောက်တောင်းခံကြောင်း၊ ဦးသောင်းရွှေက မပေးနိုင်ဟု ပြောသဖြင့် မကျေမနပ်ဖြစ်ကာ စားပွဲပေါ်ရှိ မီးခြစ်ကို ကောက်ယူပြီး နေအိမ်ခြေရင်းဘက်တွင် ကာထားသည့် ကြူဖျာနှင့် အမိုးသက်ကယ်တို့အား မီးရှို့ပြီး ထွက်ပြေးသွားကြောင်း သိရသည်။

 

မီးလောင်ရာသို့ အနီးပတ်ဝန်းကျင်မှ လူများ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ပြီး မီးရှို့သူ အောင်မင်းဦးကို အမှုဖွင့်ထားပြီး အမြန်ဆုံး ဖမ်းမိနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

 

တင်မြင့် (နတ်တလင်း)