၁၄ မေ
အီဂျစ်နိုင်ငံမှာ ဆပ်ကပ်အဖွဲ့တွေအပါအဝင် ဖျော်ဖြေရေးလုပ်ငန်းတွေဟာ ကိုရိုနာဗိုင်းရပ်စ် တားဆီးရေးအတွက် မတ်လကစပြီး ရပ်ဆိုင်းထားပါတယ်။ ကိုင်ရိုမြို့က ကြောင်ကြီးမျိုးနွယ်တွေကို ယဉ်ပါးအောင် လုပ်ဆောင်ပေးနေတဲ့ နာမည်ကြီး ဟဲလ် မိသားစုရဲ့ ဖျော်ဖြေပွဲကို လူအများ အိမ်မှာနေစဉ်ကာလမှာ အွန်လိုင်းကနေ တိုက်ရိုက်တင်ဆက် ပေးတာဖြစ်ပါတယ်။
ခြင်္သေ့ လေ့ကျင့်ရေးသမား အက်ရှ် အယ် ဟဲလ် က ခြင်္သေ့ဖျော်ဖြေရေး မလုပ်ဘဲ အိမ်တွင်းနေထိုင်ရတာ ပျင်းလာကြောင်း၊ အဲဒါကြောင့် လူတွေကို ဖျော်ဖြေဖို့အတွက် ပွဲတစ်ခုစီစဉ်လိုက်တာဖြစ်ကြောင်း၊ ကိုယ်တိုင်ပါဝင်ဖျော်ဖြေချင်တဲ့အတွက် အခုလို လုပ်ဆောင်လိုက်ကြောင်း ပြောပြပါတယ်။
တွဲဖက် သရုပ်ပြပေးတဲ့ ဘူရှာရာ အယ် ဟဲလ် ကလည်း သူငယ်စဉ်ကတည်းက ခြင်္သေ့တွေနဲ့ အတူနေထိုင်လာပြီး၊ သူတို့တတွေရဲ့ အပြုအမူတွေနဲ့ ယဉ်ပါးနေပြီဖြစ်ပါတယ်။ ခြင်္သေ့တွေကို ချစ်လည်းချစ်တယ်လို့ ပြောပြပါတယ်။
အက်ရှ်အယ်ဟဲလ်တို့ရဲ့ ဖျော်ဖြေမှုကို ဖေ့ဘုတ်နဲ့ အင်စတာဂရမ်တို့ကနေ ကြည့်ရှုသူထောင်ချီပြီး ရှိကြောင်း သိရပါတယ်။
ဟဲလ် မိသားစု ပိုင် ခြင်္သေ့နဲ့ ကျားအကောင် ၄၀ အတွက် ကျွေးမွေးစရိတ်နဲ့ အလုပ်သမား ၃၀ ဦးအတွက် လစာတွေကို ပေးနိုင်ဖို့ ဗီဒီယိုပြသပြီး ဝင်ငွေရှာနိုင်ဖို့ ဟဲလ် မိသားစုက မျှော်လင့်နေပါတယ်။
MDN
ကိုးကား- AFP