ငဖဲ ၁၄ မေ
မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ် စစ်စီကျေးရွာအုပ်စု စပ်စီကျေးရွာအနီး မင်းဘူး-အမ်း-စစ်တွေ လမ်းပေါ်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားအထူးအဖွဲ့-၅ မှ တာဝန်ယူဆောက်လုပ်သော စပ်စီ ကွန်ကရစ်တံတားသည် ယနေ့တွင် ရာနှုန်းပြည့်တည်ဆောက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အဆိုပါတံတားကို ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်ခွင့်ပြု ရန်ပုံငွေကျပ်သန်း ၂၇၀ ဖြင့် အလျားပေ ၉၀၊ ယာဉ်သွားလမ်းအကျယ် ၂၉ပေရှိ သံကူကွန်ကရစ် တံတားကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်နေ့တွင်စတင်ဆောက်လုပ်ခဲ့ရာ ယနေ့တွင် တံတားဆောက်လုပ်မှု ရာနှုန်းပြည့် တည်ဆောက်ပြီးစီးခဲ့ပြီး တံတားခံနိုင်ဝန်မှာ တန် ၆၀ ဖြစ်သည်။
စပ်စီကျေးရွာရှိ ရှားပေါက်ချောင်းသည် မိုးရာသီကာလ တောင်ကျရေများတစ်ဟုန်ထိုး စီးဆင်းမှုကြောင့် ကမ်းပြိုခြင်း၊ လမ်းပျက်စီးခြင်းများဖြစ်ပွား၍ ရခိုင်ပြည်နယ်ဘက်သို့ လမ်းပန်းဆက်သွယ်ရေး သွားလာရခက်ခဲသောကြောင့် ယခု ၂၀၂၀ ပြည့်နှစ်တွင် စပ်စီသံကူကွန်ကရစ် တံတားတည်ဆောက်ခြင်း လုပ်ငန်းကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
မယု(ငဖဲ)


