ဘိုကလေး   ၁၄   မေ

 

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဘိုကလေးမြို့နယ် ဟေမာကျေးရွာအုပ်စုတွင် မေ ၁၃ ရက် ညနေပိုင်းက မိုးသက်လေပြင်းကျရောက်မှုကြောင့်  သစ်ပင်ပြိုလဲကာ လူနေအိမ် ၂ လုံး၊ လေပြင်း တိုက်ခတ်၍ လူနေအိမ် ၂ လုံး၊ ဆောက်လုပ်ဆဲ အိမ် ၁ လုံး ပြိုကျပျက်စီးခဲ့ပြီး ကမကလူ ကျေးရွာအုပ်စု၊ တောင်ရိုးမရပ်ကွက်ရှိ ကိုယ်ထူကိုယ်ထ ဘုန်းတော်ကြီးသင် စာသင်ကျောင်း(၁)ကျောင်း ပျက်စီးခဲ့သည်။

 

အဆိုပါမိုးသက်လေပြင်းကျရောက်မှုကြောင့် ဟေမာန်ကျေးရွာအုပ်စု၊ နှာခေါင်းလေး ကျေးရွာမှ  နေအိမ် ၄ လုံး နှင့် ဟေမာန်ကျေးရွာအုပ်စု စိန်ပန်းကျေးရွာမှ နေအိမ် ၁ လုံး ပြိုကျပျက်စီးခဲ့ကြောင်း သိရပြီး အဆိုပါနေအိမ်များ ပြိုကျပျက်စီးမှုကြောင့် လူနှင့် တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရသည်။

 

အဆိုပါနေအိမ်များ ပြိုကျပျက်စီးမှုအား မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး မိသားစုဝင်များ ယာယီနေထိုင်ရေးအတွက် ဆောင်ရွက်ပေးခဲ့ကြောင်း၊ နေအိမ်များ ပြန်လည်ဆောက်လုပ်နိုင်ရေးအတွက် ကျေးရွာတာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာမှ သိရသည်။

 

အလားတူ ကမကလူကျေးရွာအုပ်စု တောင်ရိုးမရပ်ကွက်မှ ကိုယ်ထူကိုယ်ထ ဘုန်းတော်ကြီးသင်စာသင်ကျောင်း၏ ခေါင်မိုးနှင့် သွပ်အချပ် ၄၀ ပျက်စီးဆုံးရှုံးခဲ့ပြီး လူနှင့် တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း၊ အဆိုပါကျောင်းဆောင်အား တာဝန်ရှိသူများမှ အလှူရှင်များနှင့် ဆက်သွယ်၍ ပြန်လည်ပြုပြင် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

မိုးစက်(ဘိုကလေး)