မုံရွာ   ၁၄   မေ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်းရှိ တောင်သူများ ၂၀၁၉ ခုနှစ် မိုးရာသီက ချေးယူခဲ့သည့် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေ ပြန်လည်ပေးဆပ်ရန် ကျေးရွာအုပ်စု(၁၈)စု ကျန်ရှိနေသေးကြောင်း မုံရွာမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မြို့နယ်မန်နေဂျာ ဦးဘိုစိုးထံမှ သိရသည်။

 

 “မုံရွာမြို့နယ်မှာဆို ကျေးရွာအုပ်စု (၁၈)စုလောက်က စိုက်ပျိုးစရိတ်ချေးငွေကို ပြန်လည်ပေးဆပ်နိုင်ခြင်း မရှိသေးဘူး၊ ပုံမှန်ဆိုရင် ပြီးခဲ့တဲ့မတ်လအကုန်ဆို အကြေအလည်ပေးဆပ်ပြီး ဖြစ်တယ်၊ ကျန်နေတဲ့ တောင်သူတွေကို အခုမေလ အကုန်ဆို အကျေအလည်ပေးဆပ်ဖို့ ပြောထားတယ်၊ အတိုးနှုန်းကိုလည်း မူလက (၈) ရာခိုင်နှုန်းကနေ ဧပြီလက(၇)ရာခိုင်နှုန်းနဲ့ ပြန်ဆပ်ခိုင်းတယ်၊ အခုမေလမှာတော့ အတိုးနှုန်းကို ထပ်လျော့ချပေးပြီး (၅)ရာခိုင်နှုန်းသာ ပေးဆပ်ခိုင်းထားတယ်၊ သိပ်မကြာခင်မှာ မိုးသီးနှံစိုက်ပျိုးစရိတ် ချေးငွေတွေက ချေးပေးတော့မှာ ဖြစ်တဲ့အတွက် အခုမဆပ်နိုင်သေးတဲ့ တောင်သူတွေကိုတော့ ထပ်ပြီး မချေးပေးနိုင်သေးဘူး၊ ဆပ်ပြီးသားတောင်သူတွေကို ဦးစားပေး ထုတ်ချေးပေးမှာ ဖြစ်ပါတယ်” ဟု မုံရွာမြို့နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ မြို့နယ် မန်နေဂျာ ဦးဘိုစိုးက ပြောသည်။           

 

မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများအား မတ်လအကုန်တွင် အကျေအလည်ပေးဆပ်ရမည်ဖြစ် သော်လည်း ယခုလက်ရှိ ဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါ အခြေအနေကြောင့် မေ ၁၃ ရက်နေ့အထိ (၂၈၁၈၀၅၀၀၀၀) ကျပ်လက်ခံရှိပြီး ကျန်ရှိသောကျေးရွာအုပ်စု (၁၈)စုမှ ငွေကျပ် (၅၅၅)သိန်းပြန်လည် ပေးဆပ်ရန် ကျန်ပြီး  မေလအကုန်တွင် အကျေအလည် ပေးဆပ်ရမည်ဖြစ်ကြောင်းနှင့် စိုက်ပျိုးစရိတ် ပေးဆပ်ရန် ကျန်ရှိသော တောင်သူများအနေဖြင့် အတိုးနှုန်းကို (၅)ရာခိုင်နှုန်းဖြင့်သာ ထည့်သွင်းပေးဆပ်ရမည် ဖြစ်ကြာင်း သိရသည်။

ဝင်းဦး(ဇေယျာတိုင်း)