မန္တလေး ၁၄ မေ

မန္တလေးတိုင်းဒေသကြီးအတွင်း ထုတ်ပြန်ထားသည့် တားမြစ်ကန့်သတ်မှုများ မေ(၁၆)ရက်မှစတင်ကာ တစ်ဆင့်ခြင်း ပြန်လည်ဖြေလျှော့သွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

 

ယခုလို ဖြေလျှော့ဖို့စဉ်းစားရာတွင် ရောဂါကူးစက်နိုင်မှု အခွင့်အရေးနည်းမယ့် လုပ်ငန်းတွေကို ပထမဦးစားပေးအနေနဲ့ စတင်ခွင့်ပြုသွားမည်ဖြစ်ကြောင်း၊ ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် အချက်များအား လိုက်နာရမည်ဖြစ်ပြီး မလိုက်နာပါက ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း၊ ပြန်လည်ဖွင့်လှစ်ခွင့်ပြုသည့် ဆိုင်များထဲတွင် စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များအား ဆိုင်မှာထိုင်စားခွင့်ပြုမှာ မဟုတ်သေးပဲ ပါဆယ်စနစ်၊ Delivery စနစ်နဲ့သာ ဆက်လက်ရောင်းချစေမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့် ထံမှ သိရသည်။

 

 "အစာစားရင် mask ချွတ်စားရလို့ အကာအကွယ်မဲ့သွားတဲ့အတွက် ကိုဗစ်အနေအထားအရ တစ်ချိန်မှာ ပြန်ဖွင့်ခွင့်ပြုရင်တောင်မှ စားပွဲတစ်ခုကို လူနှစ်ယောက်နှုန်းနဲ့ အလယ်မှာ ပလပ်စတစ်ကာတဲ့ စနစ်သစ်ကို ကျင့်သုံးခိုင်းမှာပါ" ဟု မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ၎င်း၏ဖေ့ဘုတ်စာမျက်နှာတွင် ရေးသားထားသည်။

 

မန္တလေးမြို့ပေါ်ရှိ လေဝင်လေထွက်ကောင်းမွန်သည့် စည်ပင်ပိုင်ဈေး ၄၁ ဈေးကိုလည်း မေလ ၁၆ ရက်နေ့မှ စတင်ပြီး သားငါးဟင်းသီးဟင်းရွက်အပြင် ကျန်သည့်ဆိုင်တွေကိုပါ ပြန်လည် ဖွင့်ခွင့်ပြုမည်ဖြစ်သည်။

 

"ဖြေလျော့မှုစတာနဲ့တပြိုင်တည်း အဆောက်အဦထဲမှာ လေဝင်လေထွက်ကောင်းတဲ့ ဈေးတွေကို တစ်ပြိုင်နက်တည်းဖွင့်ဖို့ ဆောင်ရွက်နေပါတယ် လက်ဆေးကန် လက်ဆေးဆပ်ပြာတွေ စနစ်တကျ အသုံးပြုဖို့၊ ဈေးသည် ဈေးဝယ် Mask တပ်ဖို့ တစ်ဦးနှင့်တစ်ဦး သင့်တင့်သည့် အကွာအဝေးရှိဖို့ စည်းကမ်းချက်တွေနဲ့ ဈေးအကျိုးတော်ဆောင်တွေက ကြပ်မတ်ပေးပြီး ဖွင့်ဖို့ရှိတယ်" ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့် က ပြောသည်။

 

သတ်မှတ်ထားသည့် စည်းကမ်းချက်များအား ပထမအကြိမ်ဖောက်ဖျက်ပါက ဈေးရောင်းချခွင့် ၃ ရက် ပိတ်သိမ်းမည်ဖြစ်ကာ ဒုတိယအကြိမ် ထပ်မံဖောက်ဖျက်ပါက ဈေးရောင်းချခွင့်ကို ၁၀ ရက်ပိတ်မည် ဖြစ်ကြောင်း သိရသည်။ ဈေးချို၊ တောင်/မြောက် တိုက်တန်းကြီး၊ မန်းမြန်မာပလာဇာ၊ ဈေးချိုပလာဇာနှင့် ရတနာပုံဈေးတွေက အလုံပိတ်ဈေးတွေ ဖြစ်သည့်အတွက် အကျိုးဆောင်များနှင့် ညှိနှိုင်းပြီးမှသာ ပြန်လည်ဖွင့်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

 

ထို့အပြင် မဟာအောင်မြေ ကျောက်မျက်ရတနာ ရောင်းဝယ်ရေးစခန်းသည် လူအရေအတွက် များသည့်အတွက် ဖွင့်ချိန် ပိတ်ချိန် အပါအဝင် လူဦးရေ ထိန်းချုပ်ရေး ကျောက်မျက်အသင်းနှင့် ဆွေးနွေးညှိနှိုင်းပြီးမှသာ ပြန်လည်ဖွင့်လှစ်ရန် ဆောင်ရွက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

မေသက်ထား