ရန်ကုန်   ၁၄    မေ

ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ် တိုက်ဖျက်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ တစ်ကိုယ်ရေကာကွယ်ရေး ဝတ်စုံ(PPE)များ ပေးအပ်လှူဒါန်းသည့် အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက   ရန်ကုန်မြို့ ၊ ဒဂုံမြို့နယ်၊ ဇီဝကလမ်းရှိ ဆေးသုတေသန ဦးစီးဌာန၊ အစည်းအဝေးခန်းမ(၂) ၌ ပြုလုပ်သည်။

 

အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး  မစ္စတာ လီဆွန်းဟွာ က ဂုဏ်ပြုအမှာစကားပြောကြားပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကိုယ်စား ဆေးသုတေသန ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာ ဇော်သန်းထွန်း က ကျေးဇူးတင်စကား ပြောကြားသည်။

 

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီးက Hyundai Motor နှင့် Shwe Daehan Motors မှ လှူဒါန်းသည့် အမေရိကန်ဒေါ်လာ ၄၄၀၀၀ တန်ဖိုးရှိ ကိုရီးယား နိုင်ငံထုတ် တစ်ကိုယ်ရေကာကွယ်ရေးဝတ်စုံ(PPE) အစုံ ၂၀၀၀ ကို ပေးအပ် လှူဒါန်းရာ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာ ဇော်သန်းထွန်းက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။ 

သတင်းနှင့်ဓာတ်ပုံ-ဇော်ကြီး