နေပြည်တော် ၁၄ မေ
ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၏ (၂၈)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးလှကျော်နှင့် ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ဝင်များ စုံညီစွာ တက်ရောက်ဆွေးနွေးကြသည်။
အစည်းအဝေးတွင် ဗဟိုလယ်ယာ မြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက လယ်ယာမြေအပေါ် အခြားနည်း အသုံးပြုခွင့် လျှောက်ထားလာခြင်းနှင့် ပတ်သက်၍ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ခွင့်ပြုပေးရမည်ဖြစ်သော်လည်း မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့် နိုင်ငံဖြစ်သည်နှင့်အညီ နိုင်ငံ၏ စားနပ်ရိက္ခာဖူလုံမှုကို ထိခိုက်မှုမဖြစ်ပေါ်စေရန်နှင့် လယ်ယာကုန်ထုတ်လုပ်ငန်း လျော့ကျမှုမဖြစ်ပေါ်စေရေးတို့အတွက် မဖြစ်မနေ ခွင့်ပြုရမည့် ကိစ္စရပ်များတွင် အနည်းဆုံး လိုအပ်ချက်ကိုသာ စိစစ်ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ တစ်ဘက်တွင်လည်း လယ်ယာမြေများ လျော့နည်းလာမှုကို အစားထိုး ပြင်ဆင်နိုင်ရေးအတွက် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ၌ စိုက်ပျိုးမှုတည်ငြိမ်လာပါက စိုက်ပျိုးမြေအဖြစ် ပြောင်းလဲခြင်းအားဖြင့် အဆိုပါ ပျောက်ဆုံးသွားသည့် လယ်ယာမြေများကို အစားထိုး ဆောင်ရွက်ပေးနိုင်သည့် သဘောရှိပါကြောင်း၊ ထို့အပြင် လယ်ယာမြေအပေါ် အခြားနည်းအသုံးပြုခွင့် မရရှိဘဲ ဆောင်ရွက်နေမှုများအား ထိရောက်စွာ ထိန်းချုပ်နိုင်ရေးအတွက် ပြဌာန်းထားသည့် ဥပဒေ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ကြရန် လိုအပ်ကြောင်း။
လယ်ယာမြေလုပ်ကိုင်မှု အငြင်းပွားမှု လုပ်ငန်းဆောင်ရွက်ချက်များနှင့် ပတ်သက်၍ လယ်ယာမြေ စီမံခန့်ခွဲမှုဆိုင်ရာ ဆောင်ရွက်ချက်များတွင် ကြန့်ကြာမှုကိစ္စအပေါ် ထိန်းကျောင်းကြပ်မတ် ဆောင်ရွက်သွားရန်လိုကြောင်း၊ လယ်ယာမြေဥပဒေတွင် ပြဋ္ဌာန်းထားသည့်အတိုင်း ပြည်သူများထံ ပေးအပ်ထားသည့် အခွင့်အရေးနှင့် ရပိုင်ခွင့်များ လိုက်နာဆောင်ရွက်ဖွယ်ရာများကို ပြည်သူများ သိရှိနိုင်ရန်အတွက် သတင်းစာ၊ မီဒီယာများမှတစ်ဆင့် ပြည်သူများထံ ပွင့်လင်းမြင်သာစွာ ကြေညာပြီး လယ်ယာမြေဥပဒေနှင့်အညီ စိစစ်ဆောင်ရွက်မည် ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦးက အစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်ရမည့် အကြောင်းအရာများအလိုက် တင်ပြရာ အစည်းအဝေး တက်ရောက်လာကြသူများက ကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြသည်။
ယနေ့ကျင်းပသည့် ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၏ (၂၈)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်လျက်ရှိသည့် နိုင်ငံတော် စီမံကိန်းလုပ်ငန်းများ၌ ပါဝင်သွားသည့် လယ်ယာမြေများအတွက် လျော်ကြေးနစ်နာကြေး ပေးချေနိုင်ရေးဆိုင်ရာကိစ္စ၊ တိုင်းဒေသကြီး ပြည်နယ် လယ်ယာမြေစီမံ ခန့်ခွဲမှုအဖွဲ့များက စိစစ်ထောက်ခံတင်ပြလာသည့် လယ်ယာမြေအခြားနည်းအသုံးပြုခွင့် လုပ်ငန်းစာတွဲများနှင့် စပ်လျဉ်းသည့်ကိစ္စ၊ စိုက်ပျိုးမှုတည်ငြိမ်လာသော မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများအား လယ်မြေအဖြစ် ပြောင်းလဲသတ်မှတ်ပေးနိုင်ရေးကိစ္စ၊ လယ်ယာမြေဥပဒေကိုပြင်ဆင်သည့် ဥပဒေ (၂၀၂၀ ခုနှစ်)အရ ဆောင်ရွက်ရန် လုပ်ငန်းများနှင့် ထိုပြင်ဆင်သည့် ဥပဒေနှင့်အညီ ညွှန်ကြားချက် ထုတ်ပြန်ပေးနိုင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


