နေပြည်တော် ၁၄ မေ
နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဖြုတ်ခွဲကျေးရွာတွင် အိမ်ထောင်စုပေါင်း (၃၄၃)စုရှိပြီး ကျောက်စိမ်းလယ်ယာနှင့် အထွေထွေစီးပွားရေး သမဝါယမအသင်းတွင် အသင်းသား (၇၃)ဦးရှိသည်။ ယခုကဲ့သို့ ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း ကျေးရွာရှိ အသင်းသားများ သာမက ပြည်သူအားလုံး အလွယ်တကူ ဝယ်ယူစားသုံးနိုင်ရန်အတွက် အသင်းဆိုင်တွင် ဆန်၊ ဆီ၊ ဆား၊ ကြက်ဥနှင့် ခေါက်ဆွဲခြောက် စသည့် အခြေခံစားသောက်ကုန်ပစ္စည်းများနှင့် ကိုဗစ်-၁၉ ကာကွယ်ရေးသုံး ပစ္စည်းများဖြစ်သည့် နှာခေါင်းစည်း၊ လက်ဆေးဆပ်ပြာရည်၊ Hand Gel များကို အမှုဆောင်အဖွဲ့မှ သက်သာသောဈေးနှုန်းဖြင့် စီစဉ်ရောင်းချပေးလျက်ရှိသည်။
ထိုသို့ရောင်းချနေမှုကို နေပြည်တော်သမဝါယမဦးစီးဌာနမှ ဒုတိယတိုင်းဦးစီးမှူး၊ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့က သွားရောက်ကြည့်ရှုခဲ့ကြပြီး ပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး ရောင်းသူနှင့်ဝယ်သူတို့အကြား ရောဂါကူးစက်မှု မရှိစေရေးတို့ကို မှာကြားခဲ့သည်။
ယခုကဲ့သို့ ဆောင်ရွက်ပေးခြင်းမှာ အခြေခံစားသောက်ကုန်များ ဈေးနှုန်းကြီးမြင့်မှု မရှိစေရေးအတွက် ညှိနှိုင်းထိန်းသိမ်းရန်ရည်ရွယ်၍ သမဝါယမအသင်းများကလည်း ရောင်းချပေးနေခြင်းဖြစ်သည်။ ယနေ့အထိ နေပြည်တော်ကောင်စီနယ်မြေအတွင်း မြို့နယ် (၅)မြို့နယ်တွင် သမဝါယမအသင်းဆိုင် (၁၁) ဆိုင် ဖွင့်လှစ်ရောင်းချလျက်ရှိကြောင်း နေပြည်တော်သမဝါယမဦးစီးဌာနမှ သိရသည်။
MDN


