နေပြည်တော် ၁၄ မေ

 

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်း နယ်စပ်ရေးရာဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်နေသော မဂွေဇ-ခေါင်လန်ဖူးလမ်း (၆၅/၄)မိုင် ဖောက်လုပ်ခြင်းလုပ်ငန်းများ ဆောလျင်စွာ ပြီးစီးနိုင်ရေးအတွက် မေခမြစ်အရှေ့ဘက်ခြမ်း လမ်းဖောက်လုပ်ရေးလုပ်ငန်းများကို ယခုနှစ်မိုးရာသီကာလအတွင်း လုပ်ငန်းရပ်နားခြင်းမပြုဘဲ နယ်စပ်ရေးရာဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် ဦးစီးဌာနရုံးချုပ်မှ အင်ဂျင်နီယာမှူးကြီး ဦးခင်မောင်လတ်နှင့် ပူတာအိုခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးတို့၏ အနီးကပ်ကြီးကြပ်မှုဖြင့် ဝန်ကြီးဌာနဝန်ထမ်းများ၊ တပ်မတော်သားများနှင့် ဒေသခံပြည်သူတို့မှ ပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

မ‌ဂွေဇ-ခေါင်လန်ဖူးလမ်း ဖောက်လုပ်ရေးလုပ်ငန်းသည် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် စတင်ခဲ့ရာ ၂၀၂၀ ခုနှစ် မတ်လအတွင်း မ‌ဂွေဇမှ (၄၃/၃)မိုင် ကွာဝေးသည့် မေခမြစ်သို့ရောက်ရှိခဲ့ပြီး လမ်းဖောက်လုပ်ရေးလုပ်ငန်းခွင်သုံး ယန္တရားများကို မေခမြစ်အရှေ့ဘက်ကမ်းသို့ ပို့ဆောင်၍ လမ်းဖောက်လုပ်ရေးလုပ်ငန်းအား ဆက်လက်ဆောင်ရွက်လျက်ရှိသဖြင့် ယခင်ဒေသခံပြည်သူများ ခြေလျင်ခရီးဖြင့် (၁၂/၁၃)ရက်ကြာခက်ခဲစွာ သွားလာခဲ့ရသော လမ်းကြောင်းကို ယခုအခါတွင် မော်တော်ဆိုင်ကယ်ဖြင့် ပူတာအိုမြို့မှ ခေါင်လန်ဖူးမြို့အထိ (၁၂၅)မိုင် (၄)ဖာလုံ ခရီးအား နေ့ချင်းပေါက် စီးနင်းသွားလာလျက်ရှိကာ ခရီးသည်တင် မော်တော်ယာဉ်လိုင်းများ အနေဖြင့်လည်း မေခမြစ်ကမ်း ရီဒမ်းကြိုးတံတားအထိ (၁၀၃/၃)မိုင်ကို နေ့ချင်းပေါက် ပို့ဆောင်လျက်ရှိသည်။

 

နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှ စတင်၍ ဘဏ္ဍာရေးနှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ မဂွေဇ-ခေါင်လန်ဖူးလမ်း (၆၅/၄)မိုင်အနက် ယခု ဘဏ္ဍာနှစ်ကုန်တွင် မြေလမ်း (၅၁/၀)မိုင်၊ ကျောက်လမ်း (၃၄/၀)မိုင်၊ ဆိုင်ကယ်လမ်း (၁၂/၀)မိုင်နှင့် လမ်းကြောင်းတစ်လျှောက်လိုအပ်သော တံတားကြီး/ငယ်/လတ် (၂၃)စင်း၊ Box Culvert (၁၆၅)စင်း၊ ကျောက်စီရေမြောင်း (၁၄၁၉၅)ပေ ထည့်သွင်းတည်ဆောက် ပြီးစီးမည်ဖြစ်ပြီး အဆိုပါလမ်းပိုင်းတွင် လိုအပ်သော ကဆန်ခချောင်းကူးတံတားနှင့် မေခမြစ်ကူးတံတားများကိုလည်း ဆောက်လုပ်ရေးဝန်ကြီးဌာန အစီအစဉ်ဖြင့် တည်ဆောက်သွားမည်ဖြစ်ရာ ယခုဘဏ္ဍာနှစ်မှစတင်၍ အကြိုအင်ဂျင်နီယာ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

 

ခေါင်လန်ဖူးဒေသသည် ယခင်က လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုကြောင့် လူမှုစီးပွားဘဝများ နိမ့်ပါးလျက်ရှိရာ ယခုလမ်းဖောက်လုပ်ပေးခြင်းကြောင့် ဒေသတွင်းလူမှုစီးပွားဘဝများ အဆင်ပြေ ချောမွေ့လာပြီး ကုန်စည်စီးဆင်မှု ချောမွေ့လာစေမည်ဖြစ်သဖြင့် ဒေသခံတိုင်းရင်းသားများ အနေဖြင့် ဝမ်းသာကျေနပ်လျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်