ရန်ကုန် ၁၄ မေ
မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းအနေဖြင့် ကိုဗစ်-၁၉ ကာလ ခရီးသွားကဏ္ဍ ပြန်လည်ရှင်သန်ရေးအတွက် မူဝါဒ၊ စံချိန်စံညွှန်းသစ်များ ပြန်လည်ရေးဆွဲလျက်ရှိကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ပြောကြားသည်။
“ခရီးသွားကုမ္ပဏီတွေအနေနဲ့ ကိုဗစ်-၁၉ စပြီး ဖြစ်ပြီဆိုကတည်းက recovery ဖြစ်အောင် စဉ်းစားနေကြပါတယ်။ ပြန်လည်ရှင်သန်ရေးအတွက်ပေါ့နော်။ သင်္ကြန်ကာလ အပြီးလောက်ကတည်းကစပြီး recover ပြန်ဖြစ်ဖို့အတွက် အစီအစဉ်တွေ၊ မူဝါဒတွေ ရေးဆွဲနေပါတယ်။ ပုဂ္ဂလိကကဏ္ဍအနေနဲ့ ကျွန်တော်တို့လုပ်နေသလို သက်ဆိုင်ရာဝန်ကြီးဌာနအနေနဲ့လည်း ဆောင်ရွက်နေတာရှိပါတယ်။ ကျွန်တော်တို့ ပုဂ္ဂလိကကဏ္ဍအနေနဲ့ ခရီးသွားလုပ်ငန်း ပြန်ပြီးစတင်လာရင် ခရီးသွား စံချိန်, စံညွှန်းအသစ်တွေ ထွက်လာပါလိမ့်မယ်” ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ပြောကြားခဲ့သည်။
ထိုသို့အသစ်ထွက်ရှိလာမည့် ခရီးသွားကဏ္ဍ မူဝါဒဆိုင်ရာ စံချိန်စံညွှန်းများတွင် အသက်အန္တရာယ် ဘေးကင်းလုံခြုံမှုဆိုင်ရာများ၊ ခရီးသွားထုတ်ကုန်များ၏ ပြောင်းလဲမှုအပေါ် ကြိုတင်မွမ်းမံပြင်ဆင်မှုများ၊ ခရီးသွားဈေးကွက်များ ပြန်လည်ရရှိမှုအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုများ၊ အိုင်တီနည်းပညာကို အသုံးပြု၍ ခရီးသွားနယ်ပယ်တွင် ဒေသတွင်းနိုင်ငံများနည်းတူ ယှဉ်ပြိုင်ဆောင်ရွက်နိုင်ရေးနှင့် ကိုဗစ်-၁၉ ကာလ အစိုးရ၏ ခရီးသွားမူဝါဒများပါဝင်မည်ဖြစ်ကြောင်း သိရသည်။ ယင်း မူဝါဒ စံချိန်စံညွှန်း သတ်မှတ်ချက်များသည် မေလအကုန်ပိုင်းတွင် အပြီးသတ်ရေးဆွဲထွက်ပေါ်လာနိုင်ကြောင်း သိရသည်။
ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မြန်မာအပါအဝင် ကမ္ဘာ့ခရီးသွားလုပ်ငန်းများ ရပ်ဆိုင်းထားသော်လည်း နိုင်ငံတကာလေကြောင်းလိုင်းအချို့မှာ ဇွန်လအတွင်း ပြန်လည်ပြေးဆွဲရန် ပြင်ဆင်လျက်ရှိပြီး လေကြောင်းလိုင်း အများစုမှာမူ ဇူလိုင် ၁ ရက်တွင် ပြေးဆွဲနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါ နိုင်ငံတကာလေကြောင်းလိုင်းများ ပြန်လည်ပြေးဆွဲမှုနှင့်အတူ ခရီးသွားကဏ္ဍ ပြန်လည်နိုးထလာနိုင်ပြီး အပန်းဖြေခရီးသွားလာသူ နည်းပါးကာ မဖြစ်မနေ စီးပွားရေးဆိုင်ရာ ကိစ္စရပ်များအတွက် သွားလာမှုများ ရှိလာနိုင်မည်ဟု ခရီးသွားလုပ်ငန်းရှင်များက ခန့်မှန်းထားသည်။ မြန်မာနိုင်ငံအနေဖြင့်လည်း ဗီဇာဆိုင်ရာကိစ္စရပ်များ၊ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များကို ကြိုတင်ပြင်ဆင်ထားသင့်ကြောင်း ခရီးသွားလုပ်ငန်းရှင်များက အကြံပြုပြောကြားသည်။
မြန်မာနိုင်ငံခရီးသွားကဏ္ဍသည် ၂၀၁၅-၂၀၁၆ ခုနှစ်တွင် တိုးတက်လာခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် ပြန်လည်ကျဆင်းသွားကာ ၂၀၁၈ ခုနှစ်အကုန်နှင့် ၂၀၁၉ ခုနှစ် တစ်နှစ်လုံးတွင် မမျှော်မှန်းနိုင်လောက်အောင် ခရီးသွားလုပ် ငန်းတိုးတက်လာခဲ့သည်။ တိုးတက်မှုရာခိုင်နှုန်း ၄၀ အထိရှိခဲ့ပြီး ကမ္ဘာပေါ်တွင် ခရီးသွားလာမှုတိုးတက်မှုအရှိ ဆုံးနိုင်ငံအဖြစ်ရပ်တည်ခဲ့သည်။ ခရီးသွားလုပ်ငန်းရှင်များအနေဖြင့် ၂၀၂၀ ပြည့်နှစ်အတွင်း ခရီးသွားအများဆုံး ဝင်ရောက်လာနိုင်သည်ဟု မျှော်မှန်းခဲ့သော်လည်း ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ခရီးသွားလာမှု ကျဆင်းရပ်ဆိုင်းခဲ့ရသည်။ ခရီးသွားကုမ္ပဏီများအနေဖြင့် ခရီးသွားလာမှုကဏ္ဍများ ၆ လမှ တစ်နှစ်အတွင်း ရပ်ဆိုင်းသွားနိုင်သည်ဟု ခန့်မှန်းထားကြောင်း သိရသည်။
ကိုဗစ်- ၁၉ ကာလတွင် နိုင်ငံတော်မှ စီးပွားရေးလုပ်ငန်းများကို ချေးငွေများ ထုတ်ချေးပေးလျက်ရှိရာ ခရီးသွားလုပ်ငန်းပေါင်းများစွာမှ ချေးငွေရရှိနိုင်ရေးအတွက် လျှောက်ထားခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းတွင် ခရီးလှည့်လည်ရေးလုပ်ငန်း လုပ်ကိုင်သူများ၊ ခရီးသွားအေဂျင်စီလုပ်ငန်း လုပ်ကိုင်သူများ ပါဝင်ဖွဲ့စည်းထားပြီး ၂၀၀၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ကာ အသင်းဝင်ပေါင်း ၁၀၀၀ ကျော်ရှိကြောင်း သိရသည်။
ထင်ပေါ်ဝင်း(ကမာရွတ်)


