တပ်ကုန်း ၁၄ မေ
နေပြည်တော် တပ်ကုန်းမြို့နယ် အေးချမ်းသာစံပြကျေးရွာတွင် တရုတ်နိုင်ငံ (IPRCC) နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်သည့် ကျေးရွာအဆင့် ဆင်းရဲမှုလျှော့ချရေး စီမံကိန်းမှ ထောက်ပံ့ပေးထားသည့် မျိုးကောင်း၊ မျိုးသန့် အသားတိုးဝက်မွေးမြူရေးလုပ်ငန်းကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလကစတင်၍ မျိုးဝက်သားမွေး မ(၅)ကောင်၊ ဝက်သိုးတစ်ကောင်နှုန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဝက်မွေးမြူရေးလုပ်ငန်း အောင်မြင်လျက်ရှိကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။
“ကျွန်တော်တို့ ဝက်မွေးမြူရေးခြံကော်မတီဝင်များက ဝက်ခြံမှာရောက်ရှိလာတဲ့ မျိုးဝက်သားမွေး မ(၅)ကောင်နှင့် ဝက်သိုးတစ်ကောင်ကို ကျွေးမွေးစောင့်ရှောက်တဲ့ လုပ်ငန်းများ လုပ်ဆောင်ရပါတယ်၊ မျိုးဝက်သားမွေးမများက ပေါက်တဲ့ဝက်ပေါက်ငယ်များကို ကျေးရွာအတွင်းမှ ဝက်မွေးမြူသူများအား ပြန်ရောင်းချပေးပါတယ်။ အခုဆို ခြံဝက်ပေါက်ငယ် (၄၅)ကောင်ထိ ရောင်းချပြီးပါပြီ၊ ဝက်ရောင်းရတဲ့ငွေများကို ဘဏ်မှာအပ်ထားပါတယ်”ဟု အေးချမ်းသာစံပြကျေးရွာပိုင် ဝက်မွေးမြူရေးခြံကော်မတီဥက္ကဋ္ဌ ဦးဇော်သန်း ပြောပြသည်။
“ဒီဝက်ပေါက်များကို အေးချမ်းသာစံပြကျေးရွာပိုင် ဝက်မွေးမြူရေးခြံမှ တစ်ကောင်ကို ရှစ်သောင်းနှုန်းဖြင့် နှစ်ကောင်ဝယ်ယူမွေးတာ ဖြစ်ပါတယ်။ ဝက်တွေက စီပီဝက်ဆိုတော့ စီပီအစာပဲကျွေးရတယ်၊ ဝက်ဝယ်ယူထားတာ နှစ်လပဲရှိသေးတယ်ဗျာ၊ ဝက်တွေက အကြီးမြန်တော့ နောက်နှစ်လဆို ပြန်ရောင်းရတော့မယ်၊ ဝက်များပြန်ရောင်းရင်တော့ တစ်ကောင်က အရင်းနဲ့အစာဖိုး တွက်ထားပါတယ်၊ တစ်ကောင်ကို အမြတ်ငွေအဖြစ် မျှော်လင့်ထားပါတယ်”ဟု အေးချမ်းသာ စံပြကျေးရွာမှ ဝက်မွေးမြူသူ ဦးခင်မောင်သန်းက ပြောပြသည်။
တင်စိုးလွင်(ပြန်/ဆက်)


