တောင်ကြီး ၁၄ မေ

 

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ပေါ်ရှိ သောက်သုံးရေ အခက်အခဲရှိသည့် ရပ်ကွက်များအား သောက်သုံးရေ ဖြန့်ဝေပေးလျက်ရှိရာ ရွှေတောင်ရပ်ကွက်ရှိ ဒေသခံပြည်သူများအား မေ ၁၄ ရက် နံနက် နာရီခွဲက အမှတ်(၁၈) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူးရုံး(ရှမ်း/တောင်)မှ သောက်သုံးရေ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

အဆိုပါ လှူဒါန်းမှုများကို အမှတ်(၁၈) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူးရုံးမှ တပ်ဖွဲ့ခွဲမှူး ရဲမှူးထွန်းနိုင်အောင် ဦးစီးသော တပ်ဖွဲ့ဝင်များက သောက်သုံးရေဂါလန်ပေါင်း ၄၅၀၀ နှင့် ရေသန့် 20 လီတာဘူးကြီး ၁၆၀ ဘူးတို့အား ရပ်ကွက်အတွင်းရှိ ရေကန်များ၊ လူနေအိမ်များသို့ သွားရောက်ဖြန့်ဝေလှူဒါန်းခဲ့သည်။

 

အမှတ်(၁၈)ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူးရုံး(ရှမ်း/တောင်)မှ နှစ်စဉ် ရေရှားပါးသော ရပ်ကွက်ကျေးရွာများသို့ အခါအားလျော်စွာ လိုက်လံလှူဒါန်းပေးလျက်ရှိပြီး ယခုလှူဒါန်းသော ရွှေတောင်ရပ်ကွက်တွင် အိမ်ထောင်စု ၁၉၄၁  စု နေထိုင်ကြကာ ရပ်ကွက်အတွင်း ရေတွင်းတူးဖော်ရာတွင် ရေထွက်ရှိမှုခက်ခဲသော နေရာဖြစ်သဖြင့် နှစ်စဉ်နွေရာသီ၌ ရေရှားပါးမှုကြုံတွေ့ရကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန်းရွှေ၏ ပြောကြားချက်အရ သိရသည်။

 

ရေလှူဒါန်းမှုများကို အမှတ်(၁၈) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူးရုံးမှ တပ်ဖွဲ့ခွဲမှူး ရဲမှူးထွန်းနိုင်အောင် ဦးစီးသော တပ်ဖွဲ့ဝင်များနှင့် ရွှေတောင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသန်းရွှေနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များကလည်း လိုက်လံကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

စိုင်းသန်းကျော်(တောင်ကြီး)