ရန်ကုန် ၁၄ မေ
ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၂၀ ပြည့်နှစ် မိုးရာသီကာလအတွင်း ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး၊ အပူဒဏ်ကာကွယ်နိုင်ရေးအတွက် ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာများ ပျိုးပင်အခဲ့မဲ့ရယူ စိုက်ပျိုးနိုင်ရန်အတွက် ဧက ၂၁ ဧကတွင် ပျိုးပင်ပေါင်း ၁၅၆၃၁၀၀ ပင် ပျိုးထောင်ထားပြီးဖြစ်ကြောင်း ရန်ကုန်တိုင်း သစ်တောဉီးစီးဌာနမှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီး သစ်တောဉီးစီးဌာန ညွှန်ကြားရေးမှူး ဉီးသိန်းတိုးက "ကျွန်တော်တို့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ၂၀၂၀ မိုးကာလ သစ်ပင်စိုက်ပျိုးရန်အတွက် ကျွန်း၊ ပျဉ်းကတိုး၊ ကုက္ကို၊ ရေတမာ၊ မဲဇလီ၊ မဟောဂနီ၊ အရိပ်ရသစ်မာပင်များနှင့် ဝါးအပါအဝင် ပိတောက်၊ ကံ့ကော်၊ စိန်ပန်း၊ ငုဝါ အစရှိတဲ့ ပန်းအလှပင် အမျိုးပေါင်း ၂၃ မျိုး၊ မုတ်သုန်မိုးဝင်လာပြီး မြေသားစိုစွတ်တဲ့အချိန် ဇွန်ပထမ အပတ်လောက်မှာ ရန်ကုန်တိုင်းမြို့နယ်အနှံ့ စတင်စိုက်သွားဖို့ အစီအစဉ်ရှိပါတယ်။ တစ်နှစ်တစ်နှစ်မှာ ရှင်သန်မှုက ၇၅ ရာခိုင်နှုန်း ရှိပါတယ်။ ဌာနဆိုင်ရာဘဲဖြစ်ဖြစ် ပုဂ္ဂလိက လူမှုအဖွဲ့အစည်းကဖြစ်ဖြစ် မိမိနဲ့သက်ဆိုင်တဲ့ မြို့နယ်သစ်တောဉီးစီးဌာနကနေ လူထုကို ဖြန့်ဝေပေးနေပါပြီး"ဟု ရှင်းလင်းပြောကြားသည်။
ဆက်လက်ပြီး ၎င်းက “ယခင်နှစ်များလို သစ်ပင်စိုက်ပွဲတော်တော့ လုပ်ဖြစ်မှာမဟုတ်ပါဘူး။ လူစုလူဝေးမဖြစ်ဖို့ အရေးကြီးပါတယ်။ COVID-19 ရောဂါ ထိန်းချုပ်ရေးကာလမှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက လမ်းညွှန်မှုကိုတော့ လိုက်နာကြရမှာပေါ့။ ကျွန်တော်တို့ ဝန်ထမ်းတွေကိုလည်း လိုက်နာရမဲ့ စည်းမျဉ်းစည်းကမ်းတွေကို လမ်းညွှန်မှာကြားထားပြီးပါပြီ"ဟု ပြောကြားသည်။
မျိုးမင်းသိန်း(မရမ်းကုန်း)


