ဒီမိုကရေစီခေတ်ကာလတွင် လွတ်လပ်မှုနှင့်အတူ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရမည်ဖြစ်သည်။ ယင်းအချက်သည် နယ်ပယ်အားလုံးနှင့် အကျုံးဝင်ပြီး ဒီမိုကရေစီခေတ်ကာလတွင်သာမက မည်သည့်ခေတ်ကာလတွင်မဆို အထူးလိုအပ်သောအချက် ဖြစ်ပါသည်။ လူတို့သည် လွတ်လပ်မှုကို အလိုရှိသူများ ဖြစ်ကြသည်နှင့်အညီ ထိုလွတ်လပ်မှုနှင့် ထိုက်တန်သော လျော်ကန် သင့်မြတ်သည့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိရမည်ဖြစ်သည်။
လွတ်လပ်ပြီဆိုပြီး မိမိတို့ထင်ရာမြင်ရာ လုပ်ချင်ရာလုပ်၍ ရမည်မဟုတ်ပေ။ ထင်ရာမြင်ရာလုပ်ချင်ရာလုပ်လျှင် အကွပ်မရှိသည့်တောင်း ကဲ့သို့ ပရမ်းပတာဖြစ်ပေလိမ့်မည်။ လွတ်လပ်ခြင်းသည် သူတစ်ပါး၊ အများ ပြည်သူ၊ နိုင်ငံတော်ကို မထိခိုက်ဖို့လိုသည်။ သို့ဆိုလျှင် စည်းကမ်းလိုက်နာသော လွတ်လပ်ခြင်းသာဖြစ်သင့်သည်။ ဥပဒေ၊ စည်းကမ်း၊ အမိန့်၊ ညွှန်ကြား ချက်များသည် အများပြည်သူလုံခြုံချမ်းမြေ့စေရေးအတွက် ဘေးအန္တရာယ် ကင်းဝေးစေရန် စနစ်တကျ ထုတ်ပြန်ပေးထားသောအချက်များ ဖြစ်သည်။ | ထုတ်ပြန်ထားသည့်အချက်များကို တိကျစွာလိုက်နာ၍ လွတ်လပ်စွာ နေထိုင်ရခြင်းသည်သာ အားလုံးဘေးအန္တရာယ်ကင်းရှင်း၊ စိတ်ချမ်းမြေခြင်း ကို ဖြစ်စေနိုင်သဖြင့် မှတ်သားလိုက်နာ ဆောင်ရွက်ကြရမည်ဖြစ်သည်။ တစ်ကမ္ဘာလုံးတွင် ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားနေသဖြင့် နိုင်ငံအလိုက် သင့်လျော်သလို ဆီလျော်လိုက်ဖက်မည့် ကန့်သတ်ထိန်းချုပ်မှုအမျိုးမျိုးကို ပြုလုပ်နေကြသလို ပြည်သူများကျပ်တည်းခက်ခဲမှုကို ပြန်လည်ကုစား ပေးသောအားဖြင့် ဖြေလျှော့ပေးမှုတို့ကိုလည်း ပြုလုပ်ပေးလျက်ရှိသည်။
မြန်မာနိုင်ငံတွင် နိုင်ငံတော်အစိုးရက ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့်ပတ်သက်၍ ယခုနှစ် မေလ ၁၅ ရက်နေ့အထိ အကျုံးဝင် သည့် ညွှန်ကြားချက်များကို ကနဦးထုတ်ပြန်ထားခဲ့ပြီး ယခုအခါ ထုတ်ပြန် ထားသော ပြည်သူသို့ ပန်ကြားချက်၊ အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြား ချက်များကို မေလ ၃၁ ရက်အထိ ရက်တိုးမြှင့်ခြင်းဖြင့် အခြေအနေနှင့် အချိန်အခါ ဆီလျော်အောင် စီစဉ်လိုက်ခြင်းဖြစ်ပါသည်။ ကိုဗစ်-၁၉ ရောဂါ နှင့်ပတ်သက်၍ တစ်လကျော် နှစ်လနီးပါးကာလအတွင်း ပြည်သူများရောဂါ ကင်းဝေးအောင် လမ်းညွှန်ချက်များကို မဖြစ်မနေ လိုက်နာဆောင်ရွက်ရ မည်ဖြစ်သည်။
ထိုကာလတွင် ပြည်သူများ လူမှုစီးပွား ထိခိုက်နစ်နာမှု၊ နှောင့်နှေး ကြန့်ကြာမှု၊ စိတ်ကျဉ်းကျပ်မှု၊ မလွတ်လပ်မှုများ ဖြစ်ခဲ့ကြသည်။ တစ်လ၊ နှစ်လ၊ သုံးလ မလွတ်လပ်မှု၊ စိတ်ကျဉ်းကျပ်မှု၊ အခက်အခဲဖြစ်မှုများကို အောင့်အည်းသည်းခံလိုက်ကြခြင်းဖြင့် ဒုက္ခဆင်းရဲအပေါင်းမှလွတ်မြောက်ကာ ပြန်လည် လွတ်လပ်ပြီး ပျော်ရွှင်ချမ်းမြေ့မှုတို့ကို ရရှိနိုင်မည်ဖြစ်သည်။ မလွတ်လပ်မှု၊ ကျပ်တည်းမှုတို့ကို သည်းမခံနိုင်၍ စည်းကမ်းမလိုက်နာဘဲ နေထိုင်ကြမည် ဆိုပါက ယခုလက်ရှိဆင်းရဲမှုအပေါင်းတို့ထက် ပိုမိုကြီးမားသော ဒုက္ခဆင်းရဲတို့နှင့် ကြုံတွေ့နိုင်သည်ကို သတိချပ်ရမည်ဖြစ်သည်။
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေချိန်တွင် လုပ်ကိုင်ဆောင်ရွက်မှု၊ လွတ်လပ်မှုတို့ကို မည်သို့ပင် ဖြေလျှော့ဆောင်ရွက်ပေးသည်ဆိုသော်လည်း ရောဂါကာလလုံးဝပြီးမြောက်သွားသည်အထိ မတတ်သာမှ ပြင်ပသို့ထွက်ခြင်း၊ ပြင်ပသို့ထွက်လျှင်လည်း လူစုလူဝေးရှောင်ရှားခြင်း၊ တစ်ဦးနှင့်တစ်ဦး ခပ်ဝေးဝေးနေထိုင်ခြင်း၊ လက်ကိုဆပ်ပြာဖြင့် စင်ကြယ်စွာဆေးကြောခြင်း၊ နှာခေါင်း၊ ပါးစပ်တို့အား အအုပ်အဆိုင်းတပ်ဆင်ခြင်းတို့ကို မဖြစ်မနေ ဆောင်ရွက်ကြရမည်ဖြစ်သည်။
သို့ဖြစ်ရာ နိုင်ငံတော်အစိုးရက ကိုဗစ်-၁၉ ရောဂါကြောင့် ပြည်သူများ ရောဂါဘေးကင်းရေး ဆောင်ရွက်ပေးနေသလို ပြည်သူများအနေဖြင့်လည်း တာဝန်ယူမှု၊ တာဝန်ခံမှုရှိသည့် တာဝန်ကျေပွန်သော နိုင်ငံသားကောင်းများ ဖြစ်အောင် ကြိုးပမ်းအားထုတ်ကြရမည် ဖြစ်ပါကြောင်း။ ။