မွေးကင်းစ ကလေးငယ်လေးတွေဟာ ဂရုမစိုက်မိရင် အချိန်မရွေး အသက်အန္တရာယ်ရှိနိုင်တဲ့ နုနုနယ်နယ် အရွယ်လေးတွေ ဖြစ်ပါတယ်။ ဒါ့ကြောင့် သူတို့ကို အိမ်မှာပြုစုစောင့်ရှောက်တဲ့အခါမှာ ဘယ်လိုလက္ခဏာ တွေက ပြသနာရှိနိုင်တယ်၊ ကလေးအတွက် အရေးကြီးတယ်ဆိုတာလေးကို သေသေချာချာ သိထားဖို့ လိုအပ်ပါတယ်။ အိမ်မှာ ကလေးငယ်ကို ကြည့်ရှူစောင့်ရှောက်နေရတဲ့ သူတိုင်း အောက်ပါ အချက်တွေကို သတိထားပေးရပါမယ်။

 

၁။ ကလေးတွင် အသက်ရှူရခက်ခဲနေတဲ့ ရောဂါလက္ခဏာများ တွေ့ရခြင်း

 

          အသက်ရှူမြန်နေခြင်း (သို့) အသက်ရှူတာ ပုံမမှန်ဖြစ်နေခြင်း။

          မျက်နှာ၊ နှုတ်ခမ်းတွေ ပြာနှမ်းလာခြင်း။

          အသက်ရှူတဲ့ အခါမှာ အခက်အခဲဖြစ်နေတယ်လို့ ထင်ရခြင်း။

          အသက်ရှူတဲ့အခါ ရင်ဘတ်ကြွက်သားများ၊ နံရိုးကြား ကြွက်သားများ ချိုင့်ဝင်သွားခြင်း။

          အဆက်မပြတ် ချောင်းဆိုးခြင်း၊ တရွှီရွှီ အသံကြားရခြင်း။

 

စတဲ့ လက္ခဏာတွေ ဖြစ်လာမယ်ဆိုရင် ဆေးရုံကို အမြန်ဆုံးသွားဖို့ လိုအပ်ပါတယ်။

 

၂။ ကိုယ်အပူချိန် ၁၀ဝ.၄ ဒီ၈ရီ ဖာရင်ဟိုက်ထက်များလာခြင်း

 

မွေးကင်းစ ကလေးငယ်တွေ (အထူးသဖြင့် ၃လ အောက်) ကလေးတွေမှာ ပုံမှန်ဖျားလေ့မရှိပါဘူး။ ဒါ့ကြောင့် ၃ လအောက် ကလေးလေးတွေမှာ အပူချိန် ၁၀ဝ.၄ ဒီဂရီ ဖာရင်ဟိုက်ထက် ပိုများလာပြီ ဆိုရင်တော့ ပိုးဝင်ခြင်း (သို့) အခြား ပြင်းထန်တဲ့ အခြေအနေတစ်ခုခုဖြစ်နိုင်တာမို့ ဆေးရုံကို အမြန်ဆုံးသွားရပါမယ်။

 

၃။ တက်ခြင်း

 

ကလေးငယ်တွေမှာ တက်ခြင်းဟာ ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာ ပြဿနာတွေကြောင့် ဖြစ်နိုင်တဲ့ အတွက် ဆရာဝန်နဲ့ ပြသဖို့ လိုအပ်ပါတယ်။

 

၄။ အန်တဲ့အခါ (သို့) ဝမ်းသွားတဲ့အခါ သွေးပါခြင်း

 

အန်တဲ့အခါ (သို့) ဝမ်းသွားတဲ့အခါမှာ သွေးတွေပါလာတာတွေ့ရရင်တော့ ချက်ခြင်းဆေးရုံကို သွားရ မှာပါ။ သွေးမပါဘဲ အရည်ဝမ်းတွေ ဆက်တိုက် ခဏခဏ သွားတယ်၊ အန်တယ်ဆိုရင်လည်း မပေါ့သင့်တဲ့ အခြေအနေတစ်ခုပါပဲ။ ဝမ်းလျှောခြင်း၊ အန်ခြင်းဟာ ရေနဲ့ ဓါတ်ဆားတွေကို ဆုံးရှူံးစေနိုင်ပြီး ကလေးငယ်လေးတွေဟာ လူကြီးတွေလောက် ရေ နဲ့ ဆား ဓါတ်ခမ်းခြောက်တာကို ခံနိုင်ရည် မရှိကြတဲ့ အတွက် ကလေးလေးရဲ့ နှုတ်ခမ်း၊ ပါးစပ်တွေက ခြောက်သွေ့နေခြင်း၊ မျက်တွင်းချိုင့်ဝင်သွားခြင်း၊ ငိုတဲ့အခါ မျက်ရည်တွေနည်းနေခြင်းစတဲ့ ရေဓါတ်ခမ်းခြောက်တဲ့ လက္ခဏာတွေတွေ့နေရပြီ ဆိုရင်လည်း ဆေးရုံသွားဖို့လိုအပ်ပါတယ်။

 

၅။ ဦးခေါင်းကိုထိခိုက်မိပြီး နောက်အန်ခြင်း၊ သတိမကောင်းခြင်း၊ သတိမရတော့ခြင်း၊ ပုံမှန်နဲ့ မတူဘဲ ထူးဆန်းစွာပြုမူနေခြင်း

 

၆။ အသားဝါခြင်း

 

မွေးကင်းစကလေးတွေမှာ အသားတွေ၊မျက်လုံးတွေ ဝါတာကို တွေ့ရနိုင်ပါတယ်။ များသောအားဖြင့် တော့ အဝါဓါတ်က သူ့ဘာသာသူ ပြန်ပျောက်သွားနိုင်ပေမယ့် တချို့မှာတော့ အဝါဓါတ် အရမ်းများလာ တဲ့အခါ ဦးနှောက်ကိုပါ ထိခိုက်စေနိုင်ပါတယ်။ အရေးပေါ် အခြေအနေတစ်ခု မဟုတ်ပေမယ့် နောက်ဆက်တွဲဆိုးကျိုးတွေ မဖြစ်စေဖို့ ကုသမှုခံယူသင့်ရင် ခံယူနိုင်အောင်လို့ မိမိကလေးငယ် လေးမှာ ဝါလာတာကို သတိထားမိရင်လည်း ဆရာဝန်နဲ့ ပြသပြီး ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

 

၇။ ချက်နဲ့ ချက်ပတ်ပတ်လည်မှာ ပြည်ဖြစ်ပြီး နီရဲလာမယ်၊ ချက်ကြိုးကို ညှပ်ထားတဲ့ နေရာက သွေးထွက်လာမယ် နဲ့ အရေပြားမှာ အနီဖုတွေ၊ အရည်ကြည်ဖု၊ ပြည်တည် အဖုလေးတွေ ၁၀ခုထက်ပိုပြီး ဖြစ်လာမယ် ဆိုရင်လည်း ကလေးအတွက် အန္တရာယ်ရှိတဲ့အတွက် သတိထားပေးဖို့ လိုအပ်ပါတယ်။

 

မွေးကင်းစ ကလေးငယ်လေးတွေကို အန္တရာယ်ပေးနိုင်တဲ့ ဒီအချက်လေးတွေကို စောစောသိပြီး သေသေချာချာ ကုသနိုင်ခဲ့မယ်ဆိုရင် အသက်အန္တရာယ်ကိုလည်း ကာကွယ်ပေးနိုင်တဲ့ အတွက် မိမိတို့ရဲ့ အဖိုးတန်လှတဲ့ ကလေးငယ်လေးတွေကို ဂရုတစိုက် ကြည့်ရှုစောင့်ရှောက်ပေးကြဖို့ တိုက်တွန်း ချင်ပါတယ်။

 

ရေးသားသူ- Phoo Ngon

 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win ၊

ရေးသားသူ Dr. Htet Htet Zaw Win

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”