လှိုင်းဘွဲ ၁၅ မေ
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် အိမ်တွင်းငွေနှင်းမှိုစိုက်ပျိုးထုတ်လုပ်ရောင်းချသူများ မိသားစု စီးပွားရေး အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။
အဆိုပါ ငွေနှင်းမှို စိုက်ပျိုးသောလုပ်ငန်းသည် အိမ်တွင်းမှာသာ ပြုလုပ်ရသည့်အတွက် လက်ရှိ ဖြစ်ပေါ် နေသော ကိုဗစ် - ၁၉ ရောဂါကာလ stay home နေထိုင်ပြီး စိုက်ပျိုးထုတ်လုပ်နိုင်သောကြောင့် မိသားစု စီးပွားရေးကို အထောက်အကူဖြစ်တဲ့ လုပ်ငန်းဖြစ်ကြောင်းကို သိရှိရသည်။
ငွေနှင်းမှို စတင်စိုက်ပျိုးနိုင်ရန်အတွက် လွှစာ၊ ဖွဲနု၊ ပဲဖက်၊ ပဲဖွဲ၊ သကြား၊ ထုံး၊ ဆားခါးတို့ကို အချိုးကျ ရောစပ်ပြီး အိပ်ထဲထည့်ကာ (၄)နာရီကြာ ပေါင်းထားပြီး (၁၂)နာရီကြာအောင် အအေးခံကာ မျိုးများအား ထည့်သွင်းပေးရပါမည်။ မျိုးထည့်သွင်းပြီးသော အထုပ်များကို (၁)လနှင့် (၁)လခွဲ အကြာထားရှိပြီးပါက မျိုးထုပ်အား ရောင်းချခြင်း၊ စိုက်ပျိုးမည့်စင်သို့ ပြောင်းရွေ့၍ စတင်စိုက်ပျိုးထားနိုင်ပါသည်။
ငွေနှင်းမှို စတင်စိုက်ပျိုးချိန်မှ ငါးရက်အတွင်းမှိုစတင်ထွက်ရှိပြီး သုံးလကြာသည်အထိ ပျိုးထုပ် (၅၀ဝ) ထုပ်ကို တစ်နေ့လျှင် သုံးပိဿာမှ ငါးပိဿာအကြား ထွက်ရှိကြောင်း ဖောက်သည်ဈေးအဖြစ် တစ်ပိဿာလျှင် ငွေကျပ် ၂၅၀ဝ မှ ၃၀ဝ၀ သွင်းရပြီး လက်လီဈေးမှ ၄၀ဝ၀မှ ၄၅၀ဝကျပ် ရောင်းချရကြောင်းကို ငွေနှင်းမှိုစိုက်ပျိုးထုတ်လုပ်သူ ဦးဘုန်းကျော်မိုးထံမှ သိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)


