ကျိုင်းတုံ ၁၅ မေ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာနှင့် သံသယ လူနာခန်းတို့တွင် အနီးကပ် ကျန်းမာရေးစောင့်ရှောက်လျက်ရှိသော ကျန်းမာရေးဝန်ထမ်းများ အတွက် အလှူငွေများကို မေလ ၁၄ ရက် မွန်းလွဲပိုင်းက ပေးအပ်လှူဒါန်းသည်။
အဆိုပါ လှူဒါန်းငွေများကို ကျိုင်းတုံမြို့၊ သီလဓမ္မကုန်းသာတောရဆရာတော် ဦးစီးပဓါန နာယက ဆရာတော် ဉူးကောဝိဒ(ဝစိပိတ်ဆရာတော်)၏ သက်တော်(၆၃)နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် ကျိုင်းတုံမြို့ ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ ရောဂါကုသရေး လုပ်ငန်းများ အနီးကပ် ဆောင်ရွက် နေရသည့် ကျန်းမာရေးဝန်ထမ်း ၂၈ ဦး အတွက် ဆရာတော်နှင့် တာချီလိတ်မြို့နေ စေတနာရှင် အလှူရှင် (၆) ဦးတို့မှ ငွေကျပ် ၃၀၈၀ဝ၀ဝ ကို ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးရဲနိုင်က အလှူရှင်များကိုယ်စား သွားရောက်ပေးအပ်လှူဒါန်းပြီး ပြည်နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာမြင့်ကျော်က ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)


