ကျောက်မဲ ၁၅ မေ
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်ရှိ ကျန်းမာရေးဝန်ထမ်းများနှင့် တာဝန်ရှိသူများသည် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ယနေ့နံနက် (၆)နာရီမှ စတင်၍ အမှတ် (၁) ရပ်ကွက် အတွင်းရှိ နေအိမ်များသို့ တစ်အိမ်တက်ဆင်း သွားရောက်၍ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ၊ အဘိတ်ဆေးခတ်ခြင်း လုပ်ငန်းများ၊ အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက် ပေးလျှက်ရှိကြောင်း သိရသည်။
ကျောက်မဲမြို့ပေါ်ရပ်ကွက် နေအိမ်ခြံဝင်းအတွင်းရှိ ပန်းအိုးများ၊ ရေတွင်းရေကန်များ၊ ရေစည်များ၊ ရေအိုး ရေခွက်များနှင့် ရေဝပ်နိုင်သော ပစ္စည်းများအတွင်း ပိုးလောက်လန်းများ မပေါက်ဖွားစေနိုင်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ပြုလုပ်ပေးခြင်း၊ ရေတွင်း ၊ ရေကန်များအတွင်းသို့ အဘိတ်ဆေးခတ်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ပါသည်။
သွေးလွန်တုပ်ကွေး ကြိုတင်ကာကွယ်ရေးအတွက် အိမ်အနီးအနားပတ်ဝန်းကျင်ရှိ ခြင်ပေါက်ဖွား နိုင်သည့် ရေအိုင်ရေခွက်များ ၊ ခြင်ခိုအောင်းနိုင်သည့် ခြုံများရှင်းလင်းရန်၊ ဆေးစိမ်ခြင်ထောင်များ အသုံးပြုရန်နှင့် နေ့လယ်ခင်း ကလေးများ အိပ်စက်သည့်အခါ ခြင်ထောင်ထောင်ပေးရန် စသည်တို့ကို အသိပညာပေး ပေးဆွေးနွေးကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျောက်မဲခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ လူမှုရေး အသင်းအဖွဲ့များ နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ လိုက်ပါဆောင်ရွက်ပြီး အဆိုပါလုပ်ငန်းကို ကျောက်မဲမြို့နယ် အနေဖြင့် မေ ၁၅ ရက်မှ ဇွန် ၅ ရက်နေ့အထိ မြို့နယ်အတွင်းရှိ ရပ်ကွက် ၊ ကျေးရွာများတွင် အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)


