တောင်ကြီး  ၁၅  မေ   

 

ရှမ်းပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေးအမှတ်စဉ်(၂/၂၀၂၀)နှင့် ပြည်နယ်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးလုပ်ငန်း ကော်မတီအစည်းအဝေး အမှတ်စဉ်(၂/၂၀၂၀)ကို ယနေ့ နံနက်(၁၀) နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ် အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ရှမ်းပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေး ကော်မတီဥက္ကဋ္ဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသောကြောင့် အစည်းအဝေးမကျင်းပရသည်မှာ ကြန့်ကြာခဲ့ပြီး ယနေ့အစည်းအဝေးကို အောင်မြင်စွာ ပြုလုပ်နိုင်သည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

 

3536

 

ဆက်လက်၍ လယ်ယာမြေစီမံခန့်ခွဲရေး လုပ်ငန်းအဖွဲ့အစည်းအဝေးအမှတ်စဉ်(၁/၂၀၂၀) ဆုံးဖြတ်ချက်နှင့် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေး လုပ်ငန်းကော်မတီ အစည်းအဝေး အမှတ်စဉ် (၁/၂၀၂၀) ဆုံးဖြတ်ချက်များအား ရှမ်းပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ လယ်ယာမြေစီမံခန့်ခွဲမှုနှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဆန်းဝင်းက ဆုံးဖြတ်ချက်များအား ဖတ်ကြား အတည်ပြုရယူပြီး လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇) ထုတ်ပေးခြင်းလုပ်ငန်း လျာထားချက်အပေါ် ပြင်ဆင်လျာထား ဆောင်ရွက်ခွင့်ပြုနိုင်ပါရန် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့သို့ ပေးပို့တင်ပြ ထားရှိပြီးဖြစ်သည့်အတွက် မှတ်တမ်းတင် ထားရှိနိုင်ရေး ဆွေးနွေးဆုံးဖြတ်ခြင်းနှင့် ပြည်နယ်လယ်ယာမြေ လုပ်ပိုင်ခွင့် အငြင်းပွားမှု အမှုတွဲ(၁၂)တွဲအား ဆွေးနွေးဆုံးဖြတ်ကာ မြေယာလျော်ကြေး /နစ်နာကြေးအမှုတွဲ (၆)တွဲအား ဆွေးနွေးဆုံးဖြတ်ကြသည်။

 

ထို့နောက် ပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့အစည်းအဝေးအမှတ်စဉ်(၂/၂၀၂၀) တင်ပြချက်များအား ဆွေးနွေး ဆုံးဖြတ်ခြင်း၊ ပြည်နယ် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေး လုပ်ငန်းကော်မတီ အစည်းအဝေး အမှတ်စဉ်(၂/၂၀၂၀) တင်ပြချက်များအား ဆွေးနွေးဆုံးဖြတ်ကာ တက်ရောက်လာသူများမှ အထွေထွေ ဆွေးနွေးကြပြီး ရှမ်းပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်မှ နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရှိရသည်။

 

မောင်မောင်သန်း(တောင်ကြီး)