သိန္နီ    ၁၅  မေ  

 

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးခရိုင် သိန္နီမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း ထောက်ပံ့ရန်ပုံငွေဖြင့် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည့်  ကွန်ခမ်ကျေးရွာ ဘက်စုံသုံးခန်းမ တည်ဆောက်နေမှုကို ယနေ့နံနက် ၁၁ နာရီက  ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင်  အမှတ်(၂) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းစိန်လူ ၊ သိန္နီမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းဆောင် နှင့် ဝန်ထမ်းများသည် ကျေးရွာစီမံကိန်းကော်မတီဝင်များနှင့်အတူ ကွန်ခမ်ကျေးရွာ ကျေးရွာဘက်စုံသုံး ခန်းမ တည်ဆောက်နေမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးကာ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အလေးထား ဆောင်ရွက်သွားစေရေးတို့ကို  ဆွေးနွေးမှာကြားခဲ့သည်။

 

ကွန်ခမ်ကျေးရွာ ဘက်စုံသုံးခန်းမအား သိန္နီမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးရေး(VDP)စီမံကိန်းထောက်ပံ ငွေကျပ်  ၁၀ သန်း ထောက်ပံ့ ပေးခဲ့ပြီး ကျေးရွာ ပြည်သူလူထုမှ ထည့်ဝင်ငွေကျပ်  ၂ ဒသမ ၈ သန်း စုစုပေါင်းငွေကျပ် ၁၂ ဒသမ ၈ သန်းဖြင့် အလျား ပေ ၆၀ ၊ အကျယ်ပေ ၃၀ ၊ အမြင့် ၁၂ ပေရှိ ကျေးရွာ ဘက်စုံသုံး ခန်းမအား မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ အနီးကပ်ကြီးကြပ်မှုဖြင့် ကျေးရွာ ပြည်သူလူထုမှ ဆောင်ရွက်ခဲ့ရာ ယခုအခါလုပ်ငန်းများ (၉၀)ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီး သွားပြီဖြစ်ပြီး သိန္နီမြို့နယ် အတွင်း ကွန်ခမ်ကျေးရွာအပါအဝင် ကျေးရွာပေါင်း(၁၅)ရွာတွင် ကျေးရွာဖွံ့ဖြိုးရေး(VDP)စီမံကိန်း လုပ်ငန်းများ အကောင်အထည်ဖော်နေကြောင်း သိန္နီမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းဆောင်ကပြောပြ၍ သိရသည်။

 

သူရိန်