ရှင်မင်း၊ ဓာတ်ပုံ - ကေကေ၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့
နေရောင်ခြည်စွမ်းအင်ကို အသုံးပြုပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်ကာ မဟာဓာတ်အားလိုင်းနှင့် ချိတ်ဆက်၍ အိမ်ထောင်စုပေါင်း ၂၁၀ဝ၀ဝ ခန့်ကို လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်မည့် မင်းဘူး နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံသည် မကွေးတိုင်းဒေသကြီးအတွင်း ပေါ်ပေါက်လာခဲ့ပြ ဖြစ်သည်။ မင်းဘူးနေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံ ဖွင့်လှစ်နိုင်ခဲ့ခြင်းသည် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စတုတ္ထ (၁) နှစ်တာကာလအတွင်း ဆောင်ရွက်နိုင်ခဲ့မှု တစ်ခုဖြစ်သည်။
မဟာဓာတ်အားလိုင်းနှင့် ချိတ်ဆက်
ထိုသို့ ဆောင်ရွက်နိုင်ခဲ့မှုအပေါ် မကွေး တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက “ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ဖြစ်တဲ့ နေရောင်ခြည်ကို အသုံးပြု၍ လျှပ်စစ် ဓာတ်အားထုတ်ကာ မဟာဓာတ်အားလိုင်းနဲ့ ချိတ်ဆက်မှုကို မကွေးတိုင်းဒေသကြီးက ပထမဆုံးဆောင်ရွက်နိုင်ခဲ့ပြီး မဟာဓာတ်အားလိုင်း အတွက် မဂ္ဂါဝပ် ၄၀ ထုတ်လုပ်ပေးနေပါတယ်” ဟု ပြောသည်။
စက်တပ်ဆင်အင်အား မဂ္ဂါဝပ် ၁၇၀ ရှိ
မင်းဘူး နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်းသည် စက်တပ် ဆင်အင်အား မဂ္ဂါဝပ် ၁၇၀ ရှိပြီး အဆင့် လေးဆင့်ဖြင့် စီမံကိန်းကို ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။ ပထမအဆင့်မှ တတိယအဆင့်အထိ မဂ္ဂါဝပ် ၄၀ စီ၊ စတုတ္ထ အဆင့်ကို မဂ္ဂါဝပ် ၅၀ ထုတ်လုပ်နိုင်ရန် တည်ဆောက်သွားမည်ဖြစ်သည်။ စီမံကိန်း တစ်ခုလုံး မဂ္ဂါဝပ် ၁၇၀ တည်ဆောက်ပြီးစီး ပါက တစ်နှစ်ကို လျှပ်စစ်စွမ်းအင် ကီလိုဝပ် နာရီသန်းပေါင်း ၃၅၀ ထုတ်လုပ်ပေးနိုင်မည့်် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်စီမံကိန်းတစ်ခု ဖြစ်သည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့သည် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်တစ်ခုဖြစ်သည့် လေမှတစ်ဆင့် လျှပ်စစ်ဓာတ်အားထုတ်လုပ် နိုင်ရေးအတွက် တိုင်းဒေသကြီးအတွင်းရှိ မင်းလှ၊ မင်းတုန်းနှင့် ချောက်မြို့နယ် များတွင် ဆောင်ရွက်လျက်ရှိသည်။
“ပြည်ထောင်စုအဆင့် ညှိနှိုင်းဆောင်ရွက် မှုတွေပြီးရင် အကောင်အထည်ဖော် ဆောင် ရွက်နိုင်မှာဖြစ်ပြီး မကွေးတိုင်းဒေသကြီး အတွင်းက မင်းလှ၊ မင်းတုန်းနဲ့ ချောက်မြို့နယ် တွေမှာ နေရောင်ခြည်သာမက လေကနေပါ လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးနိုင်မှာဖြစ်တဲ့ အတွက် နိုင်ငံတော်ရဲ့ ဖွံ့ဖြိုးတိုးတက်မှု ပုံရိပ် ကောင်းတွေ တွေ့မြင်ရမှာဖြစ်ပါတယ်” ဟု တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက ပြောသည်။
လျှပ်စစ်မီးရရှိရေး
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့သည် ၎င်းတို့ တာဝန်ယူဆောင်ရွက်သည့် ၄ နှစ်တာ ကာလအတွင်း ကျေးရွာပေါင်း ၁၁၇၂ ရွာ မီးလင်းရေးဆောင်ရွက်ပေးနိုင်ခဲ့ပြီး ၂၀၁၆- ၂၀၁၇ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီးအတွင်းရှိ အိမ်ခြေ၏ ၁၇ ရာခိုင်နှုန်းသာ မီးရရှိခဲ့ရာမှ ယခု နှစ်ကုန်တွင် ၅၀ ရာခိုင်နှုန်းကျော် မီးရရှိနိုင် ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
“မကွေးတိုင်းဒေသကြီးအတွင်း ၂၀၁၆ ခုနှစ်တွင် အိမ်ထောင်စု စုစုပေါင်းရဲ့ ၁၇ ရာခိုင် နှုန်းသာ လျှပ်စစ်မီးရရှိခဲ့ပေမယ့် ယခုနှစ် မှာ ခရိုင် ငါးခရိုင်နဲ့ မြို့နယ် ၂၅ မြို့နယ်ရှိ အိမ်ထောင်စုပေါင်း ၉၁၉၇၇၇ နဲ့ အိမ်ထောင်စု ၃၁၉၁၆၁ စုခန့်ဟာ ဓာတ်အားစနစ်နဲ့ လျှပ်စစ် ဓာတ်အား ရရှိသုံးစွဲနေပြီဖြစ်တဲ့အတွက် ၃၄ ဒသမ ၇ ရာခိုင်နှုန်းခန့် လွှမ်းခြုံနိုင်ခဲ့ပြီဖြစ်ပါ တယ်” ဟု ဒေါက်တာအောင်မိုးညိုက ရှင်းပြ သည်။
ကျေးရွာများသို့ ဓာတ်အားလွှမ်းခြုံမှု
တိုင်းဒေသကြီးအတွင်း ကျေးရွာပေါင်း ၄၇၈၈ ရွာရှိသည့်အနက် ဓာတ်အားစနစ်ဖြင့် မီးလင်းသည့် ရာခိုင်နှုန်း ၂၄ ဒသမ ၃ ရာခိုင် နှုန်းခန့်၊ အခြားစနစ်ဖြင့် မီးလင်းသည့်ရာခိုင် နှုန်း ၃၈ ဒသမ ၉၇ ရာခိုင်နှုန်းခန့် ရှိနေပြီဖြစ် သည့်အတွက် ကျေးရွာများသို့ လျှပ်စစ်ဓာတ် အားလွှမ်းခြုံမှုသည် ၆၃ ဒသမ ၃၄ ရာခိုင်နှုန်း ခန့် ရရှိနေပြီဖြစ်သည်။
တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ၂၀၁၈-၂၀၁၉ ခုနှစ်တွင် ၁၈ ဒသမ ၄ ဘီလီယံ ခန့်ဖြင့် ၁၁ ကေဗွီလိုင်း ၃၃၉ ဒသမ ၆၈ မိုင်၊ ၁၁/ဝ ဒသမ ၄ ကေဗွီ ထရန်စဖော်မာ ၃၀၄ လုံးနှင့် ၄၀ဝ ဗို့ ဓာတ်အားလိုင်း ၅၈ ဒသမ ၈၄ မိုင် တိုးချဲ့တည်ဆောက်၍ ကျေးရွာပေါင်း ၂၁၈ ရွာ လျှပ်စစ်ဓာတ်အား ရရှိရေး ဆောင်ရွက်ပေး နိုင်ခဲ့သည်။
ထို့ပြင် သရက်ခရိုင် အောင်လံမြို့တွင် ၆၆/၆ ဒသမ ၆ ကေဗွီ ၅ အမ်ဗွီအေမှ ၆၆/၁၁ ကေဗွီ ၁၀ အမ်ဗွီအေ ဓာတ်အားခွဲရုံသို့ ပြောင်းလဲတည်ဆောက်ပေးခြင်း၊ မင်းလှမြို့ တွင် ၃၃/၆ ဒသမ ၆ ကေဗွီ ၁ ဒသမ ၂၅ အမ်ဗွီ အေမှ ၃၃/ ၁၁ ကေဗွီ ၃ ဒသမ ၂၅ အမ်ဗွီအေသို့ ပြောင်းလဲဓာတ်အားပေးခြင်းဖြင့် ဓာတ်အား ဖြန့်ဖြူးမှုစနစ် ကောင်းမွန်စေရေး ဆောင်ရွက်ပေးခဲ့သည်။
တိုင်းဒေသကြီးအစိုးရအဖွဲ့သည် ၂၀၁၉- ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီး အတွင်း ခရိုင်အလိုက် အကောင်အထည်ဖော်၍ လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုရှိစေရေး ဆောင်ရွက်သွားမည်ဖြစ်သည့်အပြင် လျှပ်စစ် မီးမရရှိသေးသည့် ၁၁ ကေဗွီ ဓာတ်အားလိုင်း နှင့် အလှမ်းကွာဝေးသော မကွေးမြို့နယ် သစ်ရာကောက်ကျေးရွာအနီး ပတ်ဝန်းကျင် ကျေးရွာများအတွက် ၆၆/၁၁ ကေဗွီ ၅ အမ်ဗွီ အေဓာတ်အားခွဲရုံ တစ်ခုကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် တည်ဆောက် ပေးခဲ့ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာ နှစ်တွင် ၆၆ ကေဗွီလိုင်း ၁၂ မိုင် ဆက်လက် တည်ဆောက် ပေးသွားမည်ဖြစ်သည်။
ထို့အတူ ကျေးရွာပေါင်း ၂၁ ရွာမှ အိမ်ထောင်စုပေါင်း ၂၄၈၉ ကို လျှပ်စစ်မီးရရှိ အောင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံ ငွေဖြင့် မင်းဘူးခရိုင် စေတုတ္တရာမြို့တွင် ၁၁ ကေဗွီ ဓာတ်အားလိုင်း ၁၅ ဒသမ ၂ မိုင် တည်ဆောက်ပေးခဲ့ပြီး သရက်ခရိုင် ကံမမြို့ တွင် ၆၆/၁၁ ကေဗွီ စီဓာတ်အားခွဲရုံမှ ၁၁ ကေဗွီ ဓာတ်အားလိုင်းကို နှစ်ထပ်လိုင်းအဖြစ် နှစ်ဖီဒါ ခွဲ၍ ဓာတ်အားဖြန့်ဖြူးပေးခြင်း လုပ်ငန်းများ အဆင့်မြှင့်တင် ဖော်ဆောင်ပေးနိုင်ခဲ့သည်။
လမ်းပန်းဆက်သွယ်ရေး
မကွေးတိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ လျှပ်စစ်ဓာတ်အား တိုးတက်ရရှိရေး သာမက လမ်းပန်း ဆက်သွယ်ရေး တိုးတက်ကောင်းမွန်ရေးကို တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် ကြိုးပမ်း ဖော်ဆောင်လျက်ရှိသည်။
“၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်ကုန်ရင် မကွေးတိုင်းဒေသကြီးရှိ ကျေးလက်လမ်းတွေ ရဲ့ ၆၃ ရာခိုင်နှုန်းကို အဆင့်မြှင့်တင်ပေးနိုင် မှာဖြစ်ပြီး တိုင်းဒေသကြီးအတွင်း ၁၀ ပေ အကျယ် ကတ္တရာလမ်း ၆၅၇ မိုင်၊ ၂၄ ပေ အကျယ် ကတ္တရာလမ်း ၇ ဒသမ ၅ မိုင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာ နှစ်မှာ ကွန်ကရစ်လမ်း ကိုးမိုင် ကတ္တရာလမ်း ၂၂၄ မိုင်၊ ကျောက်ချောလမ်း ၆၅၇ မိုင်၊ ဂဝံ မြေနီလမ်း ၂၂၃၉ မိုင်နဲ့ မြေသားလမ်း ၂၇၆၈ မိုင် ဆောင်ရွက်နိုင်ခဲ့ပါတယ်” ဟု တိုင်းဒေသကြီးအတွင်း ဖော်ဆောင်ခဲ့သည့် လမ်းပိုင်းများ ကို တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြောသည်။
တိုင်းဒေသကြီးအတွင်း လမ်းပန်းဆက် သွယ်ရေး တိုးတက်ကောင်းမွန်စေရေးအတွက် လမ်းဦးစီးဌာနမှ လမ်းမိုင်ပေါင်း ၂၁၈၇/၅ မိုင်၊ ၅၄၄ ပေကို တာဝန်ယူဆောင်ရွက်လျက်ရှိပြီး ၎င်းလမ်းပိုင်းများအနက် လမ်းမိုင် ၄၅၄/၃ မိုင်၊ ပေ ၄၆၀ ကို ပုဂ္ဂလိကကုမ္ပဏီ ခြောက်ခုမှ B.O.T စနစ်ဖြင့် တာဝန်ယူဆောင်ရွက်လျက် ရှိသည်။
တိုင်းဒေသကြီးအတွင်း ခရိုင်ငါးခုရှိ လမ်း၊ တံတားအထူးအဖွဲ့ သုံးဖွဲ့ဖြင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် အတွင်း ပြည်ထောင်စု ငွေလုံးငွေရင်း/ပြင်ထိန်း ရန်ပုံငွေကျပ် ၃၉၇၅၉ ဒသမ ၈၇၄၂၅ သန်း နှင့် တိုင်းဒေသကြီး ငွေလုံးငွေရင်း/ ပြင်ထိန်း ရန်ပုံ ငွေကျပ် ၂၄၆၉၂၆ ဒသမ ၉၄၆၄၀ သန်း စုစုပေါင်း ၂၈၆၆၈၆ ဒသမ ၈၂၀၆၅ သန်းဖြင့် ကတ္တရာ လမ်းသစ်ခင်းခြင်း၊ တိုးချဲ့ခြင်း၊ ထပ်ပိုးလွှာခင်းခြင်း၊ ရေပိတ်လွှာလောင်းခြင်း၊ ကျောက်ခင်းခြင်း၊ တံတားများ တည်ဆောက် ခြင်း၊ တံတား/ရေပြွန်များချဲ့ခြင်း၊ ကွန်ကရစ် ရေပြွန်များ တည်ဆောက်ခြင်း၊ မြေကာနံရံ တည်ဆောက်ခြင်းနှင့် ကျောက်စီရေမြောင်း ပြုလုပ်ခြင်း စုစုပေါင်း လုပ်ငန်းအရေအတွက် ၃၂၂၃ ခုကို ဆောင်ရွက်နိုင်ခဲ့သည်။
အလားတူ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနအနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ကွန်ကရစ်လမ်း ကိုးမိုင်၊ ကတ္တရာလမ်း ၂၂၄ မိုင်၊ ကျောက်ချောလမ်း ၆၅၇ မိုင်၊ ဂဝံမြေနီလမ်း ၂၂၃၉ မိုင်နှင့် မြေသား လမ်း ၂၇၆၈ မိုင် ဆောင်ရွက်နိုင်ခဲ့သည်။
စတုတ္ထ (၁) နှစ်တာကာလအတွင်း ကျေးလက်ကုန်ထုတ်လမ်း ၆၇ မိုင်၊ ကွန်ကရစ် တံတား သုံးစင်း၊ Box Culvert ၆၆ စင်း၊ ရေကျော် ပေ ၆၉၀ နှင့် ရေပြွန်အစင်း ၁၀ဝ ကို စုစုပေါင်း ငွေကျပ် ၂၀၈၅ ဒသမ ၇၂၅ သန်း၊ ကျေးလက်ရေရရှိရေးလုပ်ငန်းပေါင်း ၁၇၈ ခု ကို ခွင့်ပြု ငွေကျပ် ၂၉၅၄ ဒသမ ၆၃၂ သန်း ဖြင့် ကျေးရွာပေါင်း ၁၇၈ ရွာတွင် အကောင် အထည်ဖော် ဆောင်ရွက်ခဲ့သည်။
ထို့ပြင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးအတွင်းရှိ ကျေးရွာ ၃၂၆ ရွာကို တစ်ရွာလျှင် ငွေကျပ် သိန်း ၁၀ဝ နှုန်းဖြင့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း ဆောင်ရွက်ရန် မြို့နယ်အဆင့် ကွင်းဆင်းအတည်ပြုသည့် လုပ်ငန်းများကို ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၏ နည်းပညာအကူ အညီဖြင့် ကျေးရွာသူ ကျေးရွာသားများ ကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည်။
ထိုသို့ တိုင်းဒေသကြီးအတွင်း မြို့ပြနှင့် ကျေးလက်နေပြည်သူများအတွက် လမ်း၊ တံတားများကို အဆင့်မြှင့်တင် ဆောင်ရွက် ပေးနိုင်ခဲ့သည့်အတွက် ဒေသတွင်းပြည်သူများ ၏ လူမှုစီးပွားဖွံ့ဖြိုးရေး အတွက်ပါ အကျိုး ကျေးဇူးခံစားရရှိစေခဲ့သည်။
ဆည်တာတမံများ
မကွေးတိုင်းဒေသကြီးအတွင်း တည်ရှိ သည့် ဧရာဝတီမြစ်၊ မုန်းချောင်း၊ မန်းချောင်း၊ စလင်းချောင်း၊ ယောချောင်း၊ ပင်းချောင်းနှင့် မြစ်သာမြစ်တို့မှ ရေကိုအသုံးပြုနိုင်ရန် ဘက်စုံ ရေလှောင်တမံကြီးများ တည်ဆောက်ကာ ဒေသတွင်း စိုက်ပျိုးရေးလုပ်ငန်းများအတွက် အသုံးပြုလျက်ရှိသည်။
စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် နှင့် တောင်သူများ သီးနှံစိုက်ပျိုးထုတ်လုပ်မှု ကဏ္ဍ ပိုမိုလုပ်ကိုင်ဆောင်ရွက်နိုင်ရေးအတွက် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ ငွေလုံးငွေရင်း ငွေကျပ်သန်း ၅၀ဝ ဖြင့် မုန်းချောင်းရေလှောင် တမံ ပင်မရေပိုလွှဲ အကြီးစားပြုပြင်ခြင်းနှင့် အကူရေပိုလွှဲတည်ဆောက်ခြင်း မြေကြီး လုပ်ငန်း ရေကျအမှတ် (၂) U/S Apron Portion နှင့် Crest Portion ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ရာ ၇၅ ရာခိုင်နှုန်းပြီးစီးသွားပြီ ဖြစ်ကြောင်း သိရသည်။
ထို့အတူ ကြီးအုံကြီးဝ ရေလှောင်တမံ ပြုပြင်ခြင်းလုပ်ငန်းသည် ၂၅ ရာခိုင်နှုန်း၊ မန်းချောင်းရေလှောင်တမံ အကူရေပိုလွှဲ အမှတ် (၂) တည်ဆောက်ခြင်းလုပ်ငန်းသည် ၂၂ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်သည်။
မကွေးတိုင်းဒေသကြီးအတွင်း ၂၀၁၈ ခုနှစ် မီနီဘတ်ဂျက်တွင် ရရှိသည့် ရန်ပုံငွေကျပ် ၄၂၁၇ ဒသမ ၄၈၉ သန်းဖြင့် ဌာနဆည်၊ ကန်၊ တမံ၊ ရေသောက်စနစ်ပြုပြင်ခြင်းလုပ်ငန်း ၁၂၁ ခုနှင့် ဒေသဆည်၊ ကန်၊ တမံများ ပြုပြင် တည်ဆောက်ခြင်းလုပ်ငန်း ၆၃ ခု စုစုပေါင်း လုပ်ငန်း ၁၈၄ ခုကို အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးခဲ့ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် မူလရန်ပုံငွေ ကျပ် ၅၄၅၉ ဒသမ ၃၂ သန်းဖြင့် ဌာနဆည်၊ ကန်၊ တမံ၊ ရေသောက်စနစ် ပြုပြင်ခြင်း လုပ်ငန်း ၁၂၈ ခုနှင့် ဒေသဆည်၊ ကန်၊ တမံများ ပြုပြင်တည်ဆောက်ခြင်း လုပ်ငန်း ၆၄ ခု၊ အခွန် ဝေစုရ ငွေကျပ် ၇၃၁ ဒသမ ၉၅ သန်းဖြင့် လုပ်ငန်း ၄၃ ခု၊ ဘေးအန္တရာယ်ဆိုင်ရာ ရန်ပုံငွေ ကျပ်သန်း ၃၆ ဒသမ ၉၀ ဖြင့် လုပ်ငန်း နှစ်ခု၊ ဖြည့်စွက်ရန်ပုံငွေကျပ် ၇၈၇ ဒသမ ၉၈ သန်း ဖြင့် လုပ်ငန်း ၄၀ နှင့် အထွေထွေပိုလျှံရန်ပုံငွေ ကျပ် ၄၃၃ ဒသမ ၃၄၅ သန်းဖြင့် လုပ်ငန်း ၂၄ ခုကို ဆောင်ရွက်ခဲ့သည်။
ထို့အတူ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် မူလရန်ပုံငွေကျပ် ၈၁၉၉ ဒသမ ၄၇၁ သန်းဖြင့် ဌာနဆည်၊ ကန်၊ တမံနှင့် ရေသောက်စနစ် ပြုပြင်ခြင်းလုပ်ငန်း ၉၈ ခုနှင့် ဒေသဆည်၊ ကန်၊ တမံများ ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်း ၁၂၇ ခု စုစုပေါင်း လုပ်ငန်း ၂၂၅ ခုကို ဆောင်ရွက် လျက်ရှိရာ လုပ်ငန်း ၁၂၃ ခု ဆောင်ရွက်ပြီး ဖြစ်သည်။
တိုင်းဒေသကြီး ဒေသဖွံ့ဖြိုးရေး သာမန် ရန်ပုံငွေကျပ် ၄၂၁ ဒသမ ၃၈၅ သန်းဖြင့် ဆောင်ရွက်သော လုပ်ငန်း ၁၇ ခုအနက် လုပ်ငန်းနှစ်ခု ဆောင်ရွက်ပြီးဖြစ်ပြီး တိုင်းဒေသ ကြီး ငွေလုံးငွေရင်းရန်ပုံငွေကျပ် ၂၁၈ သန်း ဖြင့် ဆောင်ရွက်သော လုပ်ငန်း ငါးခုမှာ ဆောင်ရွက်နေဆဲဖြစ်သည်။
တိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံး ချမှုစီမံခန့်ခွဲရေးဦးစီးဌာနသည် ပြင်သစ်ဖွံ့ဖြိုး ရေးအေဂျင်စီ (AFD) အဖွဲ့အစည်းနှင့် ပူးပေါင်း ၍ နတ်မောက်ဆည်ရေသောက်စနစ် ပြုပြင် ခြင်းလုပ်ငန်း၊ Western States Agribusiness Project , WSAP နှင့် ပူးပေါင်း၍ Kyauk Sauk Dam Rehabilitation of Concrete Lining and Direct Outlet နှင့် နဂါးပွက်ရေသောက် စနစ် တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားရန် လျာထားကြောင်း သိရသည်။
ထို့ပြင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံ ခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်) သည် ပြင်သစ်ဖွံ့ဖြိုးရေး အေဂျင်စီ (AFD) နှင့် ပူးပေါင်း ၍ မကွေးမြို့နယ် မြင်ကွင်းရေတင်နှင့် မင်းဘူး မြို့နယ် ကမ်းနီရေတင်ရှိ ရေပေးမြောင်းများ နှင့် ရေတင်ပန့်၊ မော်တာများ အဆင့်မြှင့်တင် ခြင်းလုပ်ငန်း ဆောင်ရွက်၍ တောင်သူများ သီးနှံစိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက် အောင် ဖြည့်ဆည်းဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
စိုက်ပျိုးရေးကဏ္ဍ
တောင်သူများ၏ စိုက်ပျိုးသီးနှံများ ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စိုက်ပျိုးရေးဆိုင်ရာ ခေတ်မီသိပ္ပံနည်းကျ စိုက်ပျိုးရေးစနစ်များကိုလည်း တိုင်းဒေသကြီး အတွင်း အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည်။
တောင်သူများ သီးနှံစိုက်ပျိုးထုတ်လုပ် မှု ပိုမိုတိုးတက် ကောင်းမွန်စေရေးအတွက် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ မြေဆီလွှာဓာတ်ခွဲစမ်းသပ်ခြင်းများ ပြုလုပ် ဆောင်ရွက်ပေးနိုင်ရန်အတွက် ၂၀၁၈ ခုနှစ် တွင် တိုင်းဒေသကြီးဦးစီးမှူးရုံး၌ မြေဆီလွှာ ဓာတ်ခွဲခန်း ဖွင့်လှစ်နိုင်ခဲ့သည်။ မကွေး တိုင်းဒေသကြီး ပခုက္ကူခရိုင်ရုံး၌ ယခုနှစ် ဇန်နဝါရီ ၁၇ ရက်တွင် မြေဆီလွှာဓာတ်ခွဲ ခန်း အသစ်တစ်ခု ထပ်မံတိုးချဲ့ဖွင့်လှစ်၍ တောင်သူများ သီးနှံစိုက်ပျိုးထုတ်လုပ်မှု ပိုမိုတိုးတက်ကောင်းမွန်စေရေးအတွက် ဆောင် ရွက်ပေးလျက်ရှိသည်။
တိုင်းဒေသကြီးအတွင်း ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် သီးနှံများနှစ်အလိုက် GAP စနစ် ဖြင့် စိုက်ပျိုးထုတ်လုပ်နိုင်မှုမှာ မိုးနှမ်း၊ မိုးမြေပဲ၊ မိုးပဲတီစိမ်း၊ မိုးစပါး၊ ကော်ဖီ၊ သရက်နှင့် သခွားမွှေး စုစုပေါင်း စိုက်ဧက ၁၆၁၄၅ ဒသမ ၁၂ ဧကရှိခဲ့ပြီး တင်ပို့ရောင်းချနိုင်မှု တန်ချိန် အနေဖြင့် မိုးနှမ်း ၈၈ တန် တင်ပို့ရောင်းချနိုင် ခဲ့ကြောင်း သိရသည်။ ထို့အတူ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် စုစုပေါင်း စိုက်ဧက ၇၀၅၂၀ ဒသမ ၈၀ စိုက်ပျိုးနိုင်ခဲ့ပြီး မိုးနှမ်းသီးနှံ တင်ပို့ ရောင်းချနိုင်မှု တန်ချိန် ၆၆၉ တန် တင်ပို့ ရောင်းချနိုင်ခဲ့သည်။ မကွေးတိုင်းဒေသကြီး အတွင်း သဘာဝဘေးအန္တရာယ်ဖြစ်သည့် ရေကြီးနစ်မြုပ်မှု ကြောင့် နှစ်အလိုက်၊ သီးနှံအလိုက် ပျက်စီးဧကများပေါ်တွင် နိုင်ငံတော် မှ ထောက်ပံ့မှုများ ပြုလုပ်ခဲ့သည်။
၂၀၁၈-၂၀၁၉ ခုနှစ်တွင် ပံ့ပိုးမှုတန်ဖိုး ငွေ ကျပ် ၂၇၈၆၇၁၅၀ဝ၀ ထောက်ပံ့ပေးနိုင်ခဲ့ သည်။ ထို့ပြင် ကမ္ဘာ့ဘဏ်၏ အရေးပေါ် တုံ့ပြန်မှုဆိုင်ရာ နည်းလမ်း (Immediate Response Mechanism – IRM) ချေးငွေ အစီအစဉ်ဖြင့် ထောက်ပံ့ပေးမှုအနေဖြင့် တိုင်းဒေသကြီးရုံးနှင့် မြို့နယ် ၂၅ မြို့နယ် အတွက် မော်တော်ဆိုင်ကယ်အစီး ၃၀ဝ၊ အစိုဓာတ်တိုင်းကိရိယာ အခု ၃၀၊ မြို့နယ် ၂၄ မြို့နယ်အတွက် ကွန်ပေါင်းဓာတ်မြေဩဇာ ၄၀၁၃၉ အိတ် ထောက်ပံ့ပေးနိုင်ခဲ့သည်။
တောင်သူများ သီးနှံမျိုးစေ့ ထောက်ပံ့ပေး နိုင်မှုအနေဖြင့် မကွေးမြို့နယ် ကြို့ပင်အင်း ကျေးရွာရှိ မီးဘေးသင့်တောင်သူများကို သိပ္ပံ နှမ်းနက်မျိုးစေ့ ၂၂ တင်း၊ ရှစ်ပြည်နှင့် မကွေး မြို့နယ်နှင့် မင်းဘူးမြို့နယ်များရှိ အကျိုးဆောင် တောင်သူများကို သိပ္ပံနှမ်းနက်မျိုးစေ့ ၂၈ တင်း၊ ရှစ်ပြည် ထောက်ပံ့ပေးနိုင်ခဲ့သည်။
စိုက်ပျိုးရေးဦးစီးဌာနသည် ဖြေလျှော့ ပေးမှုလုပ်ငန်းစဉ်အနေဖြင့် သီးနှံများအလိုက် GAP လုပ်ငန်း ဆောင်ရွက်ရာတွင် ဖြေလျှော့ မှုအဖြစ် မြေစစ်ဆေးခြင်းတွင် Lead(PB) နှင့် Cadmium(Cd) (၂) မျိုးကိုသာ စစ်ဆေးခြင်း၊ သီးနှံများအပေါ် ပိုးသတ်ဆေးဓာတ်ကြွင်း စစ်ဆေးခြင်းနှင့် ရေကိုလိုအပ်မှ စစ်ဆေးခြင်း၊ ပိုးသတ်ဆေးအရောင်းဆိုင်နှင့် ဓာတ်မြေဩဇာ အရောင်းဆိုင် စစ်ဆေးခြင်းတို့ကို ပညာပေး ကာလအဖြစ် သတ်မှတ်ဖြေလျှော့ ဆောင်ရွက်ထားပြီး ပညာပေးကာလကျော်လွန်မှသာ အရေးယူဆောင်ရွက်ခြင်းတို့ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပညာရေးကဏ္ဍ
တိုင်းဒေသကြီး အစိုးရအနေဖြင့် ဒေသတွင်းပြည်သူများ၏ လူမှုစီးပွားတိုးတက် ရေးအတွက် ကြိုးပမ်း ဆောင်ရွက်သကဲ့သို့ တိုင်းဒေသကြီးအတွင်း ပညာရေးအဆင့်အတန်း တိုးတက်ကောင်းမွန် စေရန်အတွက် အားထုတ်ဆောင်ရွက်လျက်ရှိသည်။
တိုင်းဒေသကြီးအတွင်း ကျောင်းအဆင့် တိုးမြှင့်ခြင်းအနေဖြင့် အခြေခံပညာအထက် တန်းကျောင်းခွဲမှ အထက်တန်းကျောင်း အဆင့်သို့ ၃၃ ကျောင်း၊ အခြေခံပညာ အလယ်တန်းကျောင်းမှ အထက်တန်း ကျောင်းခွဲ အဆင့်သို့ ၃၃၃ ကျောင်း၊ အခြေခံ ပညာမူလတန်းလွန်ကျောင်းမှ အလယ်တန်း ကျောင်းခွဲအဆင့်သို့ ၁၀၆ ကျောင်း၊ အခြေခံ ပညာမူလတန်းကျောင်းမှ မူလတန်းလွန် ကျောင်းအဆင့်သို့ ၁၃၃ ကျောင်း၊ အခြေခံ ပညာမူလတန်းကျောင်းခွဲမှ မူလတန်း ကျောင်း အဆင့်သို့ ၄၅ ကျောင်း၊ ကိုယ့်အား ကိုယ်ကိုး ကျောင်းမှ မူလတန်းကျောင်းခွဲ အဆင့်သို့ ၁၃၆ ကျောင်း စုစုပေါင်း ၉၃၉ ကျောင်းကို ကျောင်း အဆင့်တိုးမြှင့် ဆောင်ရွက်ပေးနိုင်ခဲ့သည်။
တိုင်းဒေသကြီးအတွင်းရှိ ကျောင်းနေ အရွယ်ကလေးများ အေးချမ်းစွာ ပညာ သင်ကြားနိုင်ရေးအတွက် အခြေခံပညာ ကျောင်း/ရုံး ၂၆၈ ဆောင် အသစ်ဆောက် လုပ်ခြင်း၊ ငွေလုံးငွေရင်း (ပရိဘောဂ) ခေါင်းစဉ် ဖြင့် စာသင်ခုံ (နိမ့်/မြင့်) ၄၀၂၉ စုံ ဖြည့်ဆည်း ခြင်း၊ ပြင်ဆင်ထိန်းသိမ်းရေးစရိတ် ခေါင်းစဉ် ဖြင့် အခြေခံပညာကျောင်း/ရုံး ၇၈၆ ဆောင် ဆောက်လုပ်ခြင်းတို့ ပြုလုပ်ခဲ့သည်။
ထို့အတူ အခြေခံပညာကျောင်း ၁၂၁ ကျောင်းအတွက် မြေနီလမ်းခင်းခြင်း၊ ကွန်ကရစ်လမ်းခင်းခြင်း၊ အခြေခံပညာကျောင်း ၃၀ဝ၉ ကျောင်းအတွက် သန့်စင်ခန်း၊ သောက် သုံးရေ၊ ကျောင်းခြံစည်းရိုး ကာရံခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
တိုင်းရင်းသားစာပေယဉ်ကျေးမှုဖွံ့ဖြိုးရေး
မကွေးတိုင်းဒေသကြီးအတွင်း နေထိုင် လျက်ရှိသည့် ချင်းတိုင်းရင်းသားလူမျိုးများ ၏ စာပေနှင့် ယဉ်ကျေးမှု ဖွံ့ဖြိုးရေးအတွက် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ချင်းစာပေ သင်ကြားပေးသည့် ဆရာ၊ ဆရာမများ ၅၅၀ ဖြင့် နွေရာသီစာပေယဉ်ကျေးမှုသင်တန်း (၈)ကြိမ် ဖွင့်လှစ်ကာ သင်တန်းသား ၂၆၁၇ ဦးကို သင်ကြားပေးနိုင်ခဲ့သည်။
၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်တွင် ချင်းစာပေ သင်ကြားပေးသည့် ဆရာ၊ ဆရာမများ ၈၇၄ ဦးဖြင့် နွေရာသီ စာပေယဉ်ကျေးမှုသင်တန်း (၁၀)ကြိမ် ဖွင့်လှစ်ကာ သင်တန်းသား ၁၄၅၃ ဦးကို သင်ကြားပေးနိုင်ခဲ့သည်။
တိုင်းရင်းသား အခွင့်အရေးဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် တိုင်းရင်းသား ရေးရာ အခြေခံအချက်များ ကောက်ယူခြင်း အစီအစဉ်ကို ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်အတွင်း မကွေးမြို့၊ ငဖဲမြို့၊ တောင်တွင်းကြီးမြို့နှင့် ဆောမြို့တို့တွင် ကျင်းပပြုလုပ်ခဲ့သည်။
၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်တွင် ချင်း တိုင်းရင်းသားစာပေ သင်ကြားသည့် မြို့နယ် များရှိ ကျောင်းများကို မူလတန်းကြို KG တန်းများအတွက် အထောက်အကူပြု တိုင်းရင်းသားပုံပြ ပုံပြင်စာအုပ် ၂၃၉၅၈ အုပ် အား တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အဖွဲ့များသို့ ပေးအပ်နိုင်ခဲ့သည်။
ပြည်သူ့ဆက်ဆံရေးနှင့် အသိပညာဖွံ့ဖြိုးရေးကဏ္ဍ
လူထုအခြေပြုဗဟိုဌာန (Community Centre)များကို စာဖတ်ဝိုင်းများ၊ ဆွေးနွေးပွဲ များ၊ သင်တန်းများ၊ ပြပွဲပြိုင်ပွဲများ ပြုလုပ်ခြင်းဖြင့် ဒေသခံလူမှုအသိုင်းအဝိုင်းများ အသုံးပြု နိုင်သော အများသုံး နေရာများအဖြစ် တိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ ဖော်ဆောင်ပေးလျက်ရှိသည်။
ထို့ပြင် ဒီမိုကရေစီ အလေ့အကျင့်ကောင်း များ ဖွံ့ဖြိုးစေရန်ရည်ရွယ်၍ ပြည်သူ့စကား ဝိုင်း (Public Talk) များကိုလည်း ကျင်းပပြုလုပ်ပေးလျက်ရှိသည့်အပြင် ကလေးစာပေ ပွဲတော်များကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင် သရက်ခရိုင်နှင့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ တွင် ဂန့်ဂေါခရိုင်တို့တွင် အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။
အလားတူ လူငယ်များ ဗလငါးတန် ဖွံ့ဖြိုး စေရန် ရည်ရွယ်၍ လူငယ်ဘက်စုံဖွံ့ဖြိုးရေး ပွဲတော်(မကွေး)ကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်မှ ၁၆ ရက်အထိ သုံးရက်တိုင် စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ရာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် တက်ရောက်ချီးမြှင့်ပေးခဲ့သည်။
မကွေးတိုင်းဒေသကြီး စာကြည့်တိုက် ရန်ပုံငွေ ကြီးကြပ်မှုကော်မတီအနေဖြင့် ကျေးရွာ စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက် ရေးအတွက် ၂၀၁၉ ခုနှစ်အတွင်း ကျေးရွာ စာကြည့် တိုက် ၁၄ တိုက်ကို စာအုပ်စာစောင် နှင့် ပရိဘောဂများ ထောက်ပံ့ပေးနိုင်ခဲ့သည်။
e-Government လုပ်ငန်းများ အကောင်အထည်ဖော်မှု
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့သည် e-Government လုပ်ငန်းများ အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ၂၀၁၈ ခုနှစ်မှစတင်၍ သင်တန်းများကို ဖွင့်လှစ် ပေးခဲ့ရာ ၂၀၂၀ ပြည့်နှစ်တွင် e-Government အခြေခံသင်တန်း၊ Web-content သင်တန်း တို့ကို လည်းကောင်း၊ ဝန်ထမ်းများ လုပ်ငန်း စွမ်းဆောင်ရည်မြှင့်တင်ရေးအတွက် Govern-ment Personal Management System (GPMS) စနစ်ဖြင့် Electronic Document Management System (EDMS) သင်တန်း ကို လည်းကောင်း၊ ရုံးလုပ်ငန်းများ အဆင်ပြေ ချောမွေ့စွာ Online မှ ဝန်ဆောင်မှုပေးနိုင် ရန်အတွက် Data Center များ ဖွင့်လှစ်ခြင်း၊ Software များ ရေးသားထည့်သွင်းခြင်း၊ e-Government ဆက်စပ်ပစ္စည်းအသုံးပြု နည်း၊ Website ပေါ်တွင် သတင်းရေးသား နည်း၊ Internet Of Things (IOD) နည်းပညာသင်တန်းများကို လည်းကောင်း စာတွေ့လက်တွေ့ သင်ကြားပို့ချပေးလျက် ရှိသည်။
တိုင်းဒေသကြီးအတွင်းရှိ ခရိုင် ငါးခရိုင် သို့ ခရိုင်တစ်ခရိုင်လျှင် e-Government အထောက်အကူပြု ပစ္စည်းများ ဖြစ်သော ကွန်ပျူ တာ တစ်စုံ၊ Network Switch တစ်ခုစီ ဖြန့်ဝေပေးနိုင်ခဲ့ပြီး ယနေ့အထိ Tablet အလုံး ၁၀ဝ၊ Printer အလုံး ၁၀ဝ နှင့် Router ၃၅ လုံး ဖြစ်သည်။
မန်းရွှေစက်တော်ရာ ပြုပြင်မွမ်းမံ
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့သည် ယခုနှစ်တွင် မင်းဘူးမြို့နယ် မန်းရွှေစက်တော် ရာ ဘုရားကြီးရှိ ကိုးခန်းကြီးတန်ဆောင်း တော်ကြီးကို နိုင်ငံတစ်ဝန်းရှိ ရဟန်းရှင်လူ ပြည်သူများ အေးချမ်းစွာဖူးမြော်ကြည်ညို နိုင်ရေးအတွက် ပြုပြင်ဆောင်ရွက်ခဲ့သည်။
“မန်းရွှေစက်တော်ဘုရားကြီးရှိ ကိုးခန်း ကြီး တန်ဆောင်းတော်ကြီးကို ငွေကျပ် သိန်း ၅၀ဝ၀ ကျော် အကုန်အကျခံ ပြင်ဆင်ခဲ့ ပါတယ်။ ကြမ်းခင်းနဲ့ မျက်နှာကြက်တွေကို မြန်မာမှု ဗိသုကာပုံစံအတိုင်း ပြင်ဆင်ထား ပါတယ်။ မြတ်စွာဘုရားရဲ့ ခြေတော်ရာအစစ် ကို ငုံပြီး တည်ထားတဲ့ စေတီတော်ကို ထီးတော်အသစ် တင်လှူနိုင်ခဲ့ပါတယ်” ဟု တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြောသည်။
ကျန်းမာရေးကဏ္ဍ
မကွေးတိုင်းဒေသကြီးသည် ဧရိယာ စတုရန်းမိုင်ပေါင်း ၁၇၃၀၅ ဒသမ ၆၂ မိုင် ကျယ်ဝန်းကာ အိမ်ထောင်စု ၉၂၅၄၂၄ စုနှင့် လူဦးရေ ၄၁၇၆၄၄၁ ဦး နေထိုင်ပြီး ခရိုင် ငါးခရိုင်၊ မြို့ပေါင်း ၃၀ ၊ ကျေးရွာအုပ်စု ၁၅၃၅ အုပ်စုနှင့် ကျေးရွာပေါင်း ၄၈၀၃ ရွာဖြင့် ဖွဲ့စည်း ထားသည်။ တိုင်းဒေသကြီးအတွင်းရှိ လူဦးရေ ၄၁၇၆၄၄၁ ဦးကို ကျန်းမာရေးစောင့်ရှောက်မှု လွှမ်းခြုံနိုင်အောင် တိုင်းဒေသကြီးအစိုးရ အဖွဲ့အနေဖြင့် ကြိုးပမ်းလျက်ရှိသည်။
တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနအနေဖြင့် ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာ ရေးနှစ်တွင် အဆောက်အဦရန်ပုံငွေမှ ဆောက်လုပ်သည့် လုပ်ငန်းဖြစ်သော မျက်စိ ဆောင်တွင် မီးစက်အိမ် ဆောက်လုပ်ခြင်း လုပ်ငန်းကို ခွင့်ပြုရန်ပုံငွေကျပ် ၁၈ သိန်းဖြင့် ဆောင်ရွက်နိုင်ခဲ့ပြီး ရန်ပုံ ငွေကျပ် ၄၉၈၃၉၀ဝ ဖြင့် ရေရယူသုံးစွဲမှုအဆင်ပြေစေရန် ရေတိုင်ကီ အဟောင်း ၁၀ လုံးအား Fiber Tank အသစ် လဲလှယ်၍ ရေပိုက်များ အသစ်ပြုပြင်ခြင်း လုပ်ငန်းကို ဆောင်ရွက်နိုင်ခဲ့သည်။
ထို့ပြင် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ် တွင် မကွေးမြို့ သင်ကြားရေးဆေးရုံကြီး၌ ခွင့်ပြု ရန်ပုံငွေကျပ်သန်း ၃၀ဝ ဖြင့် အလျား ၁၈၄ ပေ၊ အနံ ၄၃ ပေရှိ သံကူကွန်ကရစ်အမျိုးအစား ရှစ်ခန်းတွဲ လေးထပ် တည်ဆောက်နိုင်ခဲ့ပြီး ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ခွင့်ပြုရန်ပုံ ငွေကျပ် ၁၅၇ ဒသမ ၆ သန်းဖြင့် အလျားပေ ၁၅၀၊ အနံ ၂၆ ပေရှိ သံကူကွန်ကရစ် အမျိုးအစား နှစ်ထပ်ဆောင် ကျန်းမာရေး ဝန်ထမ်းအိမ်ရာကို ဆောက်လုပ်လျက်ရှိသည်။
လူထုအခြေပြုခရီးသွားလုပ်ငန်း (CBT)
မကွေးတိုင်းဒေသကြီးအတွင်း ပတ်ဝန်း ကျင် ထိခိုက်မှုမရှိစေဘဲ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းတစ်ရပ်အနေဖြင့် လူထု အခြေပြုခရီးသွားလုပ်ငန်း(CBT) လုပ်ငန်းများ ကို တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ဖော်ဆောင်လျက်ရှိသည်။
မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် အတွင်း မြိုင်မြို့နယ် အင်းယောင်းကျေးရွာနှင့် မကွေးခရိုင်အတွင်း ချောက်မြို့နယ် မကျီးကန် ကျေးရွာတို့တွင် လူထုအခြေပြုခရီးသွား လုပ်ငန်း(CBT) များ စတင်ဖော်ဆောင်မှုမှ တစ်ဆင့်ဒေသခံပြည်သူလူထု၏ အလုပ်အကိုင်အခွင့်အလမ်းနှင့် ဝင်ငွေများတိုးပွားရရှိ စေခဲ့သည်။
လူထုအခြေပြု ခရီးသွားလုပ်ငန်းများ အောင်မြင်လာသည့်အတွက် (၄)နှစ်တာ ကာလအတွင်း ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ် ထန်းပင်ကုန်းကျေးရွာနှင့် ပခုက္ကူခရိုင် ပခုက္ကူမြို့နယ် ကျွန်းကလေး ကျေးရွာတို့တွင် လူထုအခြေပြုခရီးသွားလုပ်ငန်း (CBT)များ ကို တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည်။
မူးယစ်ဆေးဝါးဖမ်းဆီး
တိုင်းဒေသကြီးရဲတပ်ဖွဲ့အနေဖြင့် စတုတ္ထ (၁)နှစ်တာကာလအတွင်း တိုင်းဒေသကြီး အတွင်း၌ မူးယစ်ဆေးဝါးဖမ်းဆီးနိုင်မှု ၄၃ မှု ဖမ်းဆီးနိုင်ခဲ့ပြီး မူးယစ်ဆေးဝါး အလေးချိန် ဂရမ် ၄၅၅ ဒသမ ၅၉ ဂရမ်၊ စိတ်ကြွဆေးပြား အရေအတွက် ၁၆၀ဝ၀ဝ ကျော် ဖမ်းဆီးရမိခဲ့ ကြောင်း သိရသည်။
တိုင်းဒေသကြီးအတွင်း လူကုန်ကူးမှု တားဆီးကာကွယ်ရေးအနေဖြင့် အဓမ္မ လက်ထပ်ခြင်း၊ အဓမ္မခိုင်းစေခြင်းနှင့် လုပ်အားခ ခေါင်းပုံဖြတ်ခြင်း စသည့်အမှု ၁၂ မှုကို ကြိုတင်ကာကွယ် တားဆီးနိုင်ခဲ့ သည်။
ထို့ပြင် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေ ဖြင့် ရဲတပ်ဖွဲ့ဝင်များ အဆင်ပြေစွာ နေထိုင်နိုင် ရေးအတွက် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှ ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ်အထိ အိမ်ရာစုစုပေါင်း ၁၉၅ လုံးကို ငွေကျပ် ၉၅၅ သန်း သုံးစွဲ၍ ပြုပြင် ဆောင်ရွက်ပေးနိုင်ခဲ့သည်။
မီးဘေးနှင့် သဘာဝဘေးများ တုံ့ပြန်
မကွေးတိုင်းဒေသကြီး မီးသတ်ဦးစီး ဌာနအနေဖြင့် တိုင်းဒေသကြီးအတွင်း ပြည်သူ များ မီးဘေးအန္တရာယ်နှင့် သဘာဝဘေး အန္တရာယ်များ ကြုံတွေ့လာပါက လျင်မြန်စွာ တုံ့ပြန်ဖြေရှင်း ဆောင်ရွက်ပေးနိုင်ရေး အတွက် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် ၃၃၈ ဒသမ ၈၈၄ သန်းဖြင့် မကွေးခရိုင် မီးသတ်စခန်း အဆောက်အဦ အလျား ၁၁၃ ပေ၊ အနံ ၅၂ ပေ၊ အမြင့် ၂၆ ပေရှိ အာရ်စီ နှစ်ထပ် အဆောက်အဦ ဆောက်လုပ် ခြင်း၊ ရေစကြိုမြို့နယ် မီးသတ်စခန်းတွင် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၁၅၆ ဒသမ ၈၀ဝ ဖြင့် အလျားပေ ၄၀၊ အနံပေ ၄၀ ၊ အမြင့် ပေ ၄၀ ရှိ နှစ်ခန်းတွဲ အာရ်စီလေးထပ် အဆောက်အဦ တည်ဆောက် ခြင်း၊ သရက်ခရိုင် မီးသတ်စခန်းတွင် ၂၀၁၈- ၂၀၁၉ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ခွင့်ပြု ရန်ပုံငွေကျပ် ၃၃၈ ဒသမ ၈၈၄ သန်းဖြင့် အလျား ၁၁၃ ပေ၊ အနံ ၅၂ ပေ၊ အမြင့် ၂၆ ပေရှိ အာရ်စီ နှစ်ထပ်ဆောက်လုပ်ခြင်း၊ ထီးလင်း မြို့နယ် ရေမြက်နီနယ်မြေမီးသတ်စခန်းတွင် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ် ငွေလုံးငွေရင်း ခွင့်ပြု ရန်ပုံငွေကျပ်သန်း ၁၁၇ ဒသမ ၆၀ဝ ဖြင့် အလျားပေ ၄၀၊ အနံပေ ၄၀၊ အမြင့် ပေ ၃၀ ရှိ ဝန်ထမ်းနေအိမ်ပါ နှစ်ခန်းတွဲ အာရ်စီ သုံးထပ်ဆောက်လုပ်ပေးခြင်းတို့ကို အကောင် အထည်ဖော် ဆောင်ရွက်ပေးနိုင်ခဲ့သည်။
ထို့ပြင် မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးအတွက် တိုင်းဒေသကြီးအစိုးရ အဖွဲ့မှ(၄)နှစ်တာကာလအတွင်း မီးငြှိမ်းသတ် ယာဉ် ခြောက်စီး၊ အုပ်ချုပ်မှုယာဉ် ၁၈ စီး၊ ရေသယ်ယာဉ် ခြောက်စီး၊ အထောက်အကူပြု ယာဉ် နှစ်စီး၊ မီးသတ်စက်ယာဉ် လေးစီး၊ Ambulance ယာဉ်သုံးစီးနှင့် ရှာဖွေ ကယ်ဆယ် ရေးယာဉ်နှစ်စီးတို့ကို ထောက်ပံ့ပေးနိုင်ခဲ့ သည်။
ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ပေးနိုင်မှု
တိုင်းဒေသကြီးအတွင်းရှိ ဝန်ထမ်းများ နေထိုင်ရေးအဆင်ပြေစေရန် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်တွင် မင်းလှမြို့နယ်၊ မြိုင်မြို့နယ် နှင့် ဆိပ်ဖြူမြို့နယ်တို့တွင် (၈)ခန်းတွဲ ငါးထပ် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်လျက်ရှိပြီး ၂၀၂၀ -၂၀၂၁ ဘဏ္ဍာနှစ်တွင် ခရိုင် ငါးခရိုင် ဖြစ်သည့် သရက်ခရိုင်၊ ပခုက္ကူခရိုင်၊ မင်းဘူး ခရိုင်၊ မကွေးခရိုင်နှင့် ဂန့်ဂေါခရိုင်သာမက အောင်လံမြို့၊ ပွင့်ဖြူမြို့နှင့် စလင်းမြို့တို့တွင် ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ရန် စီစဉ် ဆောင်ရွက်လျက်ရှိသည်။
နိုင်ငံတကာအဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်မှု
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့သည် တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။
(၄)နှစ်တာကာလအတွင်း USAID အဖွဲ့ နှင့် Key Issues in Economic Reporting Training သင်တန်းတွင် SME လုပ်ငန်းများ နှင့် ပတ်သက်၍ ဆွေးနွေးခြင်း၊ Actionaid Myanmar နှင့်ပူးပေါင်းပြီး သက်မွေးပညာ နှင့် စီးပွားရေးအထောက်အကူပြုသင်တန်း များ ဖွင့်လှစ်သင်ကြားပေးခြင်း၊ HELVETAS MYANMAR နှင့် ပူးပေါင်း၍ S4RLD နှင့် S4E Project များ ဆောင်ရွက်ခြင်း၊ Canadian Executive Service Organization (CESO) ပူးပေါင်း၍ နတ်မောက်မြို့နယ်တွင် လျှော်ဖြူ ခြံနှင့် စလင်းမြို့နယ်တွင် ကြာချည်ထုတ်လုပ် မှု လေ့လာခြင်းတို့ကို ပူးပေါင်းဆောင်ရွက် ခဲ့သည်။
လွှတ်တော်ကဏ္ဍ
ဒီမိုကရေစီ နိုင်ငံထူထောင်ရန်အတွက် မရှိမဖြစ်လိုအပ်သည့် ဥပဒေပြုရေးမဏ္ဍိုင် ဆောင်ရွက်နိုင်ရေး အတွက် တိုင်းဒေသကြီး လွှတ်တော်အဆောက်အအုံကို ၂၀၁၉ ခုနှစ် ဇူလိုင်လတွင် တည်ဆောက်ပြီးစီးခဲ့သည်။ ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီး လွှတ်တော်တွင် ယနေ့အထိ ဥပဒေ ၂၁ ခုနှင့် နည်းဥပဒေ ၁၀ ခုတို့ကို အတည်ပြုပြဋ္ဌာန်း ပေးနိုင်ခဲ့သည်။
တိုးတက်ပြောင်းလဲမှုများ၏ အကျိုးသက်ရောက်မှုများ
မကွေးတိုင်းဒေသကြီးအတွင်း စတုတ္ထ (၁) နှစ်တာကာလ အပါအဝင် (၄)နှစ်တာ ကာလအတွင်း လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူ ရေး၊ လျှပ်စစ်မီးလင်းရေး စသည့်ပြည်သူ့ အကျိုးပြု ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဘက်စုံ အချိုးညီစွာ ဖွံ့ဖြိုးတိုးတက်မှုရရှိစေရန် အကောင်အထည်ဖော်ခဲ့ပြီး မြို့ပြမှသည် ကျေးရွာများအထိ ဖွံ့ဖြိုးတိုးတက်လာစေ ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ကို တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဆောင်ရွက် မှုမှတစ်ဆင့် သိရှိနိုင်သည်။
တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေး အတွက် အဓိကလိုအပ်သည့် စိုက်ပျိုးရေး၊ လျှပ်စစ်မီးရရှိရေး၊ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေးနှင့် တည်ဆဲဥပဒေများအရ ရရှိနိုင် သည့် အခွင့်အရေးများ၊ ကာကွယ်ပေးမှုများ ကို တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ အပြည့်အဝခံစားခွင့်ရရှိရေးအတွက် တိုင်း ဒေသကြီးအစိုးရ အဖွဲ့အနေဖြင့် ဆက်လက် ကြိုးပမ်းဖော်ဆောင်သွားမည်ဟု ယုံကြည်ပါ ကြောင်း ရေးသားတင်ပြအပ်ပါသည်။ ။
မြန်မာ့အလင်း


