ကျောက်တလုံးကြီး ၁၅ မေ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင် ငါးရက်တစ်ဈေးပုံမှန် ဖွင့်လှစ်ရောင်းချ လျက်ရှိရာ ကိုဗစ်-၁၉ ကာလအတွင်း ကျောက်တလုံးဈေးကြီးအတွင်း စနစ်တကျ ဝယ်ယူရောင်းချ နိုင်စေရန်နှင့် ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် မေလ ၁၅ ရက်နေ့ နံနက်ပိုင်းက မိမိသတ်မှတ်နေရာအတွင်း ရောင်းချဝယ်ယူနိုင်ရန်နှင့် နှာခေါင်းစည်းမတပ်ဆင်လာသူများအား အသိပညာပေးခြင်းတို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
“ကျောက်တလုံးဈေးကြီးသည် ပုံမှန်ဈေးဖွင့်လှစ် ရောင်းချမှုမရှိဘဲ ဟင်းသီးဟင်းရွက် ကိုယ်တိုင် စိုက်ပျိုးသူ အများစုနှင့် သားငါးအနည်းအကျဉ်းဖြင့် ငါးရက်တစ်ဈေးတွင် လာရောက်ရောင်းချကြ လျက်ရှိပါကြောင်းနှင့် ဈေးကြီးပိတ်လိုက်လျှင် အခြေခံပြည်သူလူထုများ၏ စားဝတ်နေရေး ကျပ်တည်း နိုင်သည့်အတွက် ဒီဈေးဟာ မဖြစ်မနေ ဖွင့်လှစ်ဖို့လိုအပ်ပါကြောင်း၊ ဖွင့်လှစ်ရာတွင်လည်း ကျန်းမာရေး နှင့်ညီညွတ်အောင် ဆောင်ရွက်လျက်ရှိပြီး သက်ဆိုင်ရာဈေးကော်မတီအဖွဲ့နှင့် အုပ်ချုပ်ရေးမှူးအဖွဲ့များ နှင့် ပူးပေါင်း၍ ပျံကျရောင်းချနေသည့် လူစာရင်းများ၊ ရောင်းချမည့်ပစ္စည်းများကို အသေးစိတ်စာရင်း ကောက်ယူပြီး မြေနေရာရှင်းလင်းခြင်း၊ လာရောက်ရောင်းချသူများအမည်စာရင်းနှင့်အညီ အကွက် ဖော်ခြင်းတို့ စီစဉ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ဈေးရောင်းချရမည့်နေရာတွင်သာ ရောင်းချရန် အသိပေး ရှင်းလင်းမှာကြားခဲ့ပြီး စာရင်းမပေးသွင်းရသေးသည့် လာရောက်ရောင်းချသူများကိုလည်း အရံနေရာများတွင် ရောင်းချနိုင်ရန်စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း” ကျောက်တလုံးကြီးမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးစောချမ်းကပြောသည်။
ဆက်လက်၍ နှာခေါင်းစည်း မတပ်ဆင်လာသူများနှင့်ပတ်သက်၍ “ယခုဈေးနေ့တွင် နှာခေါင်းစည်း မတပ်ဆင် လာသူများကို သင့်တင့်ဈေးနှုန်းဖြင့်ရောင်းချပေးလျက်ရှိပြီး၊ လာမည့်ဈေးများတွင် နှာခေါင်းစည်း မတပ်ဆင်လာသူများကို ဒဏ်ကြေးအနေဖြင့် သုံးခုသို့မဟုတ်ငါးခု ဒဏ်ရိုက်သွားဖို့ ရှိပါကြောင်း” ၄င်းက ဆက်လက်ပြောကြားသည်။
ကျောက်တလုံးဈေးကြီးတွင် ကျောက်တလုံးကြီးမြို့အနီး ပတ်ဝန်းကျင်ရွာများနှင့် ညောင်ရွှေနယ်ဘက်မှ ကုန်သည်များ အများစုမှ ဟင်းသီးဟင်းရွက်မျိုးစုံ၊ အသားငါးနှင့် စားသောက်ကုန်များ လာရောက် ရောင်းချလျက် ရှိပြီး၊ ကျန်းမာရေးဦးစီးဌာနမှ ဈေးအတွင်း ရောင်းချသူများနှင့် ဝယ်ယူသူများအား ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း၊ ကျန်းမာရေးမှ ထုတ်ပြန်ထားသည့် လိုက်နာရမည့် စည်းကမ်းများကို စပီကာအသံချဲ့စက်ဖြင့် ဖွင့်လှစ်ကြေညာခြင်းတို့ ပူးပေါင်းဆောင်ရွက် ခဲ့ကြောင်း သိရှိရသည်။
ခွန်အာကာ(ကျောက်တလုံး)


