ညောင်ဦး ၁၅ မေ
မန္တလေးတိုင်းဒေသကြီး ၊ ညောင်ဦးမြို့နယ် အင်တိုင်းကျေးရွာ ၊ ကျွန်းခင်းကြီးကျေးရွာနှင့် ထနောင်းဝန်း အနောက်ကျေးရွာတို့တွင် ဒေသခံကျေးလက်နေပြည်သူများ သောက်သုံးရေ အခက်အခဲ ကြုံတွေ့ နေရကြောင်း သိရသဖြင့် မေ ၁၅ ရက် နံနက် ၈ နာရီက ညောင်ဦးမြို့၊ မြင့်မြတ်သူ စေတနာ သွေးလှူရှင်နှင့် လူနာတင်ယာဉ်ကူညီမှုအသင်းမှ ပရဟိတအသင်းသားများက ရေသယ်ယာဉ်တစ်စီးဖြင့် သောက်သုံးရေများ သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ယခုလို ပူပြင်းသည့်ကာလများ၌ ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဒေသခံ ကျေးလက်နေ ပြည်သူများ သောက်သုံးရေရှားပါးမှုအခက်အခဲများနှင့် နှစ်စဉ်ကြုံတွေ့ရလေ့ရှိရာ ဌာနဆိုင်ရာများနှင့် လူမှုကူညီရေး အသင်းအဖွဲ့များက သောက်သုံးရေဖူလုံစေရေး သွားရောက်လှူဒါန်းပေးနေရကြောင်း သိရသည်။
ထို့အပြင် ယနေ့ နံနက်ပိုင်းက သောက်သုံးရေအခက်ကြုံတွေ့နေသည့် ညောင်ဦးမြို့နယ် အင်တိုင်း ကျေးရွာရှိ ဒေသခံပြည်သူများအတွက် ရေဂါလန် ၃၀ဝ၀ ၊ ထနောင်းဝန်းအနောက်ကျေးရွာ ဒေသခံပြည်သူများ အတွက် ရေဂါလန် ၃၀ဝ၀ ၊ ကျွန်းခင်းကြီးကျေးရွာ ဒေသခံပြည်သူများအတွက် ရေဂါလန် ၃၂၀ဝ ၊ စုစုပေါင်း ရေဂါလန် ၉၂၀ဝ အား ညောင်ဦးမြို့၊ မြင့်မြတ်သူ စေတနာသွေးလှူရှင်နှင့် လူနာတင်ယာဉ် ကူညီမှုအသင်းမှ ပရဟိတ အသင်းသားများက ကျေးလက်နေ ပြည်သူများ သောက်သုံးရေ ဖူလုံစေရန် အိမ်ထောင်စုအလိုက် စနစ်တကျခွဲဝေလှူဒါန်းပေးခဲ့ကြောင်း အဆိုပါ ပရဟိတရေလှူ အသင်းမှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးခိုင်လင်းမောင်ထံမှ သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )


