ကြို့ပင်ကောက် ၁၅ မေ
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့ သဲကုန်းရပ်ကွက်အတွင်းရှိ ဒေသခံပြည်သူများ ကျန်းမာရေး အသိပညာဗဟုသုတ တိုးတက်လာစေရန်အတွက် ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ နှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနဝန်ထမ်းများ ပူပေါင်း၍ ကျန်းမာရေးအသိပညာပေး လုပ်ငန်းများကို မေလ ၁၅ ရက်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
အသိပညာပေး လုပ်ငန်းဆောင်ရွက်သော အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်မြတ်သင်းအေးက “ဒေသခံတွေက သွေးလွန်တုပ်ကွေးရောဂါလို့တော့ သိတယ်။ ကြိုတင်ပြီး ဘယ်လိုကာကွယ်ရမယ် ဆိုတာကိုတော့ မေ့လျော့နေကြတယ်။ အဲဒါကြောင့် ဖုံး၊ သွန်၊ လဲ၊ စစ် အကြောင်းအရာလေးတွေ ပိုးလောက်လန်း စားဒေါင်းငါးမွေးဖို့တွေ နေ့ခင်းနဲ့ညဘက်တွေမှာ ခြင်ထောင်နဲအိပ်ဖို့တွေကို အသိပညာပေး ဟောပြောပြီး လောက်လားတွေသေစေနိုင်တဲ့ အဘိတ်ဆေးတွေကို ကျောက်စည် ရေကန်တွေထဲကို လိုက်လံထည့်သွင်း ပေးနေတာပါ”ဟုပြောကြားသည်။
ထို့အတူ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက ကိုဗစ်-၁၉ မပြန့်ပွားဖို့ မိမိကစ၍ ကာကွယ်စို့ သတင်းစကားလက်ကမ်းစာစောင်များကို အိမ်တိုင်ယာရောက် ဖြန့်ဝေပေးပြီး လက်ကမ်းစာစောင်အတွင်းပါရှိသော ကိုဗစ်-၁၉ ကာကွယ်ရေး အချက်အလက်များကို ရှင်းလင်း ပြောကြားခဲ့သည်။
ယင်းသို့ ကျန်းမာရေး အသိပညာပေးလုပ်ငန်းများကို ပန်းတင်ရပ်ကွက်၊ အနောက်တောင်ရပ်ကွက် နှင့် သဲကုန်း ရပ်ကွက်တို့တွင် ဆောင်ရွက်ခဲ့ပြီး ဆက်လက်၍ကျန်ရှိသောရပ်ကွက်များသို့ ကွင်းဆင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)


