သုံးခွ ၁၅ မေ
ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်၌ မိုးစပါး စိုက်ပျိုးစရိတ်ချေးငွေများကို စတင်ထုတ်ချေးပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းက ဟေမဇလာကျေးရွာမှ တောင်သူ(၇၁)ဦးအတွက် တစ်ဧကလျှင် ငွေကျပ် တစ်သိန်းခွဲနှုန်းဖြင့် ၆၀၃ ဧက အတွက် ကျပ်(၉၀၄ဒသမ၅)သိန်းကို စတင်ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ယခုအချိန်အခါသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကာလဖြစ်သည့်အတွက် ကြိုတင်ကာကွယ်နိုင်ရန် ကျန်းမာရေးဌာန၏ ညွှန်ကြားချက်နှင့်အညီ ငွေထုတ်ချေးရာတွင် လူစုလူဝေး မဖြစ်ပေါ်စေရန် လူတစ်ဦးနှင့်တစ်ဦး ခြောက်ပေစီခြားလျက် နှာခေါင်းစည်းတပ်ခြင်း၊ ဘေစင်တွင် လက်ဆေးခြင်းများ ပြုလုပ်စေပြီး ပုံစံ( ၇)မူရင်းစာအုပ်ကို အပ်နှံထားပြီးမှသာ ငွေထုတ်ချေးပေးခဲ့ကြောင်း သိရှိရသည်။
အတိုးနှုန်းမှာ ငွေကျပ်တစ်ရာလျှင် တစ်နှစ်ငါးရာခိုင်နှုန်း ဖြစ်ပြီး သုံးခွမြို့နယ်တွင် ရပ်ကွက်နှင့် ကျေးရွာ အုပ်စု ၆၅ အုပ်စုမှတောင်သူပေါင်း ၁၆၅၆၇ ဦးအား ၁၁၅၁၉၇ ဧကအတွက် ကျပ် ၁၇၂၇၉၅ ဒသမ ၅ သိန်း ထုတ်ချေးပေးရန် လျာထားကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်မန်နေဂျာ ဦးအုန်းဟန်က ပြောကြားခဲ့သည်။
ကိုကျော်(သုံးခွ)


