ဖားကန့် ၁၅ မေ
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၌ မျိုးနွယ်ကျောက်မျက်တူးဖော်ရေးကုမ္ပဏီမှ ကျောက်စိမ်း ရိုင်းများ တင်ဆောင်လာသော မော်တော်ယာဉ်တိမ်းမှောက်မှု ယနေ့နံနက် ၈ နာရီခန့်က ဖြစ်ပွားခဲ့ပြီး ယာဉ်နောက်လိုက် အမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ အေးမြသာယာရပ်ကွက်၊ မနမှော်ရွာအထွက် အဆင်းလမ်းတွင် ကျောက်စိမ်းရိုင်းများ တင်ဆောင်လာသည့် (၁၂)ဘီးယာဉ် KCN/3C----- သည် အရှိန်လွန်ဘရိတ်ပေါက်ပြီး တိမ်းမှောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယာဉ်တိမ်းမှောက်မှုကြောင့် မျိုးနွယ်ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီဝန်ထမ်းများဖြစ်သည့် ယာဉ်မောင်း ဦးကျော်ငွေ(၃၃)နှစ်တွင် (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ပြီး ယာဉ်နောက်လိုက် ဦးချစ်လွင်(၂၃) နှစ်သည် နေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။
ထို့အပြင် အေးမြသာယာရပ်ကွက်နယ်မြေအတွင်းရှိ ရတနာထွန်းတောက် ကျောက်မျက် တူးဖော်ရေး ကုမ္ပဏီမှ ကျောက်ရှာဝန်ထမ်းအမျိုးသားတစ်ဦး လုပ်ငန်းဆောင်ရွက်စဉ် ဘက်ဟိုးယာဉ် ဖြင့်ကုတ်မိ သဖြင့် သေဆုံးခဲ့မှု ယနေ့နံနက်ပိုင်းက ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။
ဘက်ဟိုးယာဉ်ဖြင့် ကုတ်မိသဖြင့် မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်တွင် နေထိုင်သူ တန်ကူးဆင်ရမ် သည် နေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။
တာလင်းမောင်(ပြန်/ဆက်)


