မကွေး ၁၅ မေ
မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးသို့ မော်တော်ယာဉ်လိုင်းများ မေလ ၁၆ ရက် နေ့မှ စတင်၍ ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ မော်တော်ယာဉ်လိုင်းပြေးဆွဲမှု ဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ချမှတ်ထားသည့် စည်းကမ်းများနှင့်အညီ ယာဉ်တစ်စီး၏ ထက်ဝက်နှုန်းဖြင့် ခရီးသည်များ သွားလာမှု အဆင်ပြေစေရန် ပြေးဆွဲသွားမည်ဖြစ်ပြီး ပြေးဆွဲမည့်မော်တော်ယာဉ်များသည် နံနက်မိုးလင်းချိန်မှ ညနေအထိ ပြေးဆွဲရန် သတ်မှတ်ထားကာ ယာဉ်စီးခကို ယခင်သတ်မှတ်ထားသည့် နှုန်းထားထက် တစ်ဆခွဲ သတ်မှတ်၍ မော်တော်ယာဉ်ကြီးကြပ်ရေးကော်မတီမှ စနစ်တကျ စိစစ်ကြပ်မတ်ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။
ထို့အပြင် မော်တော်ယာဉ်ဂိတ်များအားလုံးတွင် လက်ဆေးကန်များ ဆောင်ရွက်ထားရှိရန်၊ ယာဉ်များ ပေါ်တွင် Hand Gel များထားရှိရန်နှင့် ခရီးသည်တစ်ဦးလျှင် Mask တစ်ခုစီ အခမဲ့ပေးဝေနိုင်ရေး စီစဉ် ဆောင်ရွက်ထားရှိကြောင်း သိရသည်။
မကွေးမြို့ အဝေးပြေးယာဉ်ရပ်နားစခန်းတွင် မကွေးအခြေပြုယာဉ်အသင်း(၃၈)သင်း၊ မော်တော်ယာဉ် အသင်း (၅၄)သင်း၊အခြားတိုင်းနှင့်ပြည်နယ်များမှ လာရောက်ပြေးဆွဲသည့် မော်တော်ယာဉ် အသင်း(၄၁) သင်း၊စုစုပေါင်း(၁၃၃)သင်းရှိပြီး မော်တော်ယာဉ်လိုင်းများအား စည်းကမ်းချက်များနှင့်အညီ ယာဉ်လိုင်း ပြေးဆွဲ ဆောင်ရွက်မှုအား မော်တော်ယာဉ်လိုင်း ကြီးကြပ်မှုကော်မတီက စိစစ်ကာ အခြားတိုင်းနှင့် ပြည်နယ်များသို့ ဆက်လက်ပြေးဆွဲနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)


