သရက် ၁၅ မေ
မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သပြေစမ်းကျေးရွာ၌ ပြည်သူ၊ ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးဌာနနှင့် ယူနီဆက်တို့ပူးပေါင်း၍ သောက်သုံးရေ ရရှိရေးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများ ယနေ့နံနက် ၁၀ နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် သရက်မြို့နယ် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသိန်းဇော်ထွန်း နှင့် ဝန်ထမ်းများက ကျေးရွာရေပေးရေး ကော်မတီဝင်များနှင့်အတူ သပြေစမ်းကျေးရွာ၌ ပြည်သူ၊ ကျေးလက်ဒေသဖွံဖြိုး တိုးတက်ရေးဦးဌာန၊ ယူနီဆက်တို့ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော သောက်သုံးရေရရှိရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ သပြေစမ်းကျေးရွာ အိမ်တိုင်ရာရောက်ရေရရှိရေးအတွက် ဂါလန် ၅၀၀၀ ဆံ့ အုတ်ရေကန်တည်ဆောက်ခြင်း၊ အလျား ၁၀ ပေ၊ အနံ ရှစ်ပေ၊ အမြင့် ရှစ်ပေ ရှိ ရေစက်ရုံတည်ဆောက်ခြင်း၊ ရေပိုက်လိုင်း ပေ ၈၅၀၀ သွယ်တန်းခြင်းလုပ်ငန်းကို နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေ (ယူနီဆက်) ကျပ် ၈ ဒသမ ၃၉ သန်း၊ ပြည်သူထည့်ဝင်ငွေကျပ် ၁ ဒသမ ၅၆ သန်း၊ စုစုပေါင်း ၉ ဒသမ ၉၅ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ သပြေစမ်းကျေးရွာ၌ အိမ်တိုင်ရာရောက်ရေပေးရေး လုပ်ငန်းဆောင်ရွက်ပြီးစီးပါက ကျေးရွာရှိ အိမ်ခြေ(၆၆)၊ လူဦးရေ (၂၇၁)ဦး နှင့် ကျွဲ၊ နွား တိရစ္ဆာန်တို့အတွက် သန့်ရှင်းသော သောက်သုံးရေများ ဖူလုံစွာရရှိတော့မှာဖြစ်ကြောင်း ကျေးရွာနေ ပြည်သူများထံမှ သိရသည်။
ကျော်ဦး


