မြိတ်   ၁၅   မေ  

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်အတွင်း သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက ပြည်သူများအား အချိန်နှင့်တစ်ပြေးညီ ကယ်ဆယ်ရေးပစ္စည်းများဖြင့် ထိရောက်လျင်မြန်စွာ ကူညီကယ်ဆယ်နိုင်ရေးအတွက် မြိတ်မြို့မီးသတ်စခန်းတွင် ရှာဖွေကယ်ဆယ်ရေးတပ်စုတစ်စု အရန်သင့်စုဖွဲ့ထားရှိပြီး ရှာဖွေကယ်ဆယ်ရေး ပစ္စည်းများဖြင့် ကျွမ်းကျင်စွာကိုင်တယ်အသုံးပြုတတ်စေရန် လေ့ကျင့်လျက်ရှိသည်။

 

“  ရှာဖွေကယ်ဆယ်ရေးပစ္စည်းတွေဟာ ရှေးအခါက သာမာန်သုံးပစ္စည်းတေွဖြစ်ပြီးတော့ တဖြည်းဖြည်းနဲ့ ခေတ်မီလာတာနဲ့အညီ ပစ္စည်းတွေဟာ ဆန်းပြားလာတယ်။ ဒါတေွကို တပ်ဖွဲ့ဝင်တွေ ကျွမ်းကျင်စွာနဲ့ လက်တွေ့မှာ ကိုင်တွယ် အသုံးချနိုင်ရေးအတွက် အပတ်စဉ်နေ့စဉ် စသဖြင့် သတ်မှတ်ချက်တွေထားရှိပြီး လေ့ကျင့် သင်ကြားပေးနေပါတယ်။ အဲဒီအပြင် အရန်မီးသတ်တပ်ဖွဲ့ဝင်များကိုလည်း သန္ဓေတပ်ဖွဲ့ဝင်များနည်းတူ ကျွမ်းကျင်စွာ ပါဝင် ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် ခေါ်ယူပြီး လေ့ကျင့်မှုတွေဆောင်ရွက်နေပါတယ်” ဟု မြိတ်ခရိုင်မီးသတ်ဦးစီးဌာနမှူး ဦးဇော်ဝင်းက ပြောသည်။

 

မြိတ်မြို့မီးသတ်စခန်းတွင် ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်(၃၅)ဦးဖြင့် ဖွဲ့စည်းထားရှိပြီး ရှာဖွေကယ်ဆယ်ရေးမော်တော်ယာဉ်(၁)စီး၊ ရှာဖွေကယ်ဆယ်ရေး ရေယာဉ်(၂)စီး၊ လူနာတင်ယာဉ်(၁)စီး၊ ရှာဖွေကယ်ဆယ်ရေးသုံး ပစ္စည်းမျိုးစုံနှင့် ရှာဖွေကယ်ဆယ်ရေးတပ်စုတစ်စု၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ရှာဖွေကယ်ဆယ်ရေးတပ်စုတစ်စု ဖွဲ့စည်းထားရှိ၍ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များအား ရှာဖွေကယ်ဆယ်ရေးပစ္စည်းအသုံးပြုမှုကျွမ်းကျင်စေရန်  ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များက အပတ်စဉ် လေ့ကျင့်လျက်ရှိကြကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။

 

 ခိုင်ထူး ( မြိတ် ပြန်/ဆက် )