လေးမျက်နှာ    ၁၅     မေ       

 

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ် ကွမ်းခြံကုန်းကျေးရွာအုပ်စု၊ အလယ်ရိုးကျေးရွာအနီး ကျေးရွာချင်းဆက်လမ်းပေါ်တွင် လွတ်တော်ရန်ပုံငွေ၊ VDP စီမံကိန်းရန်ပုံငွေနှင့် ပြည်သူထည့်ဝင်ငွေစုစုပေါင်း ကျပ်သိန်း ၂၆၀ ဖြင့် ဆောက်လုပ်သော သံကူကွန်ကရစ်တံတား ရာနှုန်းပြည့် တည်ဆောက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

 

အဆိုပါ တံတားကို လွှတ်တော်ရန်ပုံငွေ ကျပ်သိန်း ၅၀၊ ပြည်သူထည့်ဝင်ငွေ ကျပ်သိန်း ၁၁၀ နှင့် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ် VDP စီမံကိန်းရန်ပုံငွေ ကျပ်သိန်း ၁၀၀  စုစုပေါင်းရန်ပုံငွေ ကျပ်သိန်း ၂၆၀ ဖြင့် အလျား ၄၀ ပေ၊ ယာဉ်သွားလမ်းအကျယ် ၁၂ ပေ၊ အမြှင့် ၁၁ ပေရှိ သံကူကွန်ကရစ်တံတားကို ၂၀၂၀ ပြည့်နှစ်၊ ဧပြီ ၃ ရက်နေ့က စတင်ဆောက်လုပ်ခဲ့ရာ ယခုနှစ် မေ ၆ ရက်နေ့တွင် တံတားဆောက်လုပ်မှု ရာနှုန်းပြည့် တည်ဆောက်ပြီးစီးခဲ့ပြီး တံတားခံနိုင်ဝန်မှာ ယာဉ်ကုန်တန် ၆ တန်အထိ သတ်မှတ်‌ထားကြောင်း သိရသည်။

 

အဆိုပါ သံကူကွန်ကရစ်တံတားမှာ အလယ်ရိုးကျေးရွာ၊ ဂွေးတောက်ကွင်းကျေးရွာနှင့် ဘုရားကုန်း ကျေးရွာများသို့ ဆက်သွယ်ထားသော တံတားဖြစ်ပြီး ယခုအခါ တံတားတည်ဆောက်ပြီးစီးပြီဖြစ်၍ ကျေးရွာ သုံးရွာရှိ အိမ်ထောင်စု ၂၃၅၊ လူဦးရေ ၉၀၇ ဦးတို့၏ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေးစသည့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် များစွာ အထောက်အကူပြုမည်ဖြစ်ကြောင်း မြို့နယ်ကျေး/လက် ဦးစီးမှုး ဦးဇေမင်းမင်းထံမှ သိရသည်။

 

ရွှေမိုး(လေးမျက်နှာ)