လိုင်လင်းပီ ၁၅  မေ             

           

ချင်းပြည်နယ် မင်းတပ်ခရိုင် မတူပီမြို့နယ် လိုင်လင်းပီမြို့၌ လေယာဉ်ကွင်းငယ် တည်ဆောက်လျက်ရှိရာ ယခုအခါ တည်ဆောက်မှု လုပ်ငန်းအားလုံး၏ (၇၅)ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း သိရသည်။

 

 “ လက်ရှိအချိန်မှာတော့ မြေနိမ့်ပိုင်း ကမ်းပါးဖက်က မြေဖို့လုပ်ငန်းနှင့် မြေထိန်းနံရံ တည်ဆောက်ခြင်းလုပ်ငန်းတွေတော့ (၁၀၀) ရာခိုင်နှုန်းလေယာဉ်ပြေးလမ်း(ကျောက်ခင်းလုပ်ငန်း) (၄၀) ရာခိုင် နှုန်း၊ တောင်ဖြိုလုပ်ငန်း (၉၃) ရာခိုင်နှုန်းနှင့် လုပ်ငန်းအားလုံးခြုံလိုက်ရင် (၇၅)ရာခိုင်နှုန်းထိပြီးစီးနေပြီ။ တစ်ကမ္ဘာလုံးက ကြုံတွေ့နေကြရတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကျောက်မိုင်းခွဲ ပစ္စည်းရှာရတဲ့ အခက်အခဲ ကြုံတွေ့နေရပါတယ်၊ ဒီကိုဗစ်-၁၉ကာလမှာ ကျွန်တော်တို့လုပ်ငန်းကို ဆက်လက်ဆောင်ရွက်နိုင်အောင် ကူညီပေးတဲ့ ချင်းပြည်နယ်အစိုးရကိုလည်း ကျေးဇူးတင်ပါတယ် ” ဟု လေယာဉ်ကွင်းတာဝန်ခံ အင်ဂျင်နီယာ Mr.Terry  ကပြောကြားသည်။

 

အဆိုပါလေယာဉ်ကွင်းမှာ Mission  Aviation Fellowship(MAF)၏ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ (၂.၂)သန်းဖြင့် Health& Hope Myanmar ၏ အနီးကပ်ကြီးကြပ်မှုနှင့် New Asia Star Khat ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိပြီး လေယာဉ်ပြေးလမ်းအရှည် ပေ(၂၆၀၀)ကျော်၊ အကျယ် ပေ(၁၀၀)ရှိသည့် လေယာဉ်ကွင်းငယ်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါလေယာဉ်ကွင်းသည် ချင်းပြည်နယ်ဝန်းကြီးချုပ်ဉီးဆလိုင်လျန်လွယ်ဉီးဆောင်၍ လေယာဉ်ကွင်း စတင်တည်ဆောက်ခြင်းအထိမ်းအမှတ်အဖြင့် ၂၀၁၉ခုနှစ်၊ မေလ (၄)ရက်နေ့တွင် ပန္နက်တင်ခဲ့ကြခြင်းဖြစ်ကြောင်း နှင့်အဆိုပါလေယာဉ်ကွင်းကို ၂၀၂၀ပြည့်နှစ်၊ မေလတွင် အပြီးသတ်ဆောင်ရွက်နိုင်ရန် လျာထားခဲ့ကြြခင်းဖြစ်ကြောင်း သိရပါသည်။

 

ယာကမ် (ပြန်/ဆက်)