သရက်ချောင်း ၁၅ မေ
၂၀၂၀ ပြည့်နှစ် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့ နံနက် ၉ နာရီက တနင်္သာရီတိုင်းဒေသကြီး သရက်ချောင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ ထုတ်ပေးလျက်ရှိသည်။
ထိုသို့ ချေးငွေထုတ်ပေးရာတွင် မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ (၃၄)အုပ်စုမှ လယ်သမားဦးရေ ၃၃၉၄ ဦး၏ မိုးစပါးစိုက်ဧက ၁၇၆၅၀ ဧကအတွက် ချေးငွေ ကျပ် ၂၆၄၇၅၀၀၀၀၀ လျာထားရာ ယနေ့တွင် သရက် ချောင်းမြို့နယ် မြို့မရပ်ကွက်မှ လယ်သမား ၂၉ ဦး၏ မိုးစပါးဧက ၁၆၇ ဧကအတွက် ချေးငွေကျပ် ၂၅၀၅၀၀၀၀ ကို စတင်ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ထုတ်ချေးရာတွင် ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ထုတ်ချေးပေးလျက်ရှိပြီး မြို့နယ် ကြက်ခြေနီတပ်ဖွဲ့နှင့် ပရဟိတလူမှု အသင်းအဖွဲ့များက ကိုယ်အပူချိန်တိုင်းတာခြင်း၊ လက်ဆေးခိုင်းခြင်း၊ လက်သန့်ဆေးရည်များ ဖျန်းပေးခြင်းများကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မျိုးချစ်ဦး(ပြန်/ဆက်)


