မော်လမြိုင်ကျွန်း  ၁၅  မေ

 

မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့ နံနက်ပိုင်းမှ၍ ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ ထုတ်ချေးပေးလျက်ရှိသည်။

 

ထိုသို့ ချေးငွေထုတ်ချေးရာတွင် မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၁၀၉)အုပ်စုမှ တောင်သူလယ်သမား (၉၀၀၀) ကျော်၏  စိုက်ဧက (၈၂၀၀၀) ကျော်အတွက် စိုက်ပျိုးစရိတ်ချေးငွေ စုစုပေါင်း ကျပ်သိန်းပေါင်း (၁၂၃၀၀၀) ကျော်အား  ကျေးရွာများအလိုက် စက်တင်ဘာလကုန်အထိ အလှည့်ကျ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ချေးငွေလာရောက်ထုတ်ယူသူများအား  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏  ညွှန်ကြားချက်များနှင့်အညီ   Mask များတပ်ဆင်ခြင်း၊  လက်ဆေးခြင်း၊  တစ်ဦးနှင့်တစ်ဦး သတ်မှတ်အကွာအဝေးတွင် စနစ်တကျ နေရာချထား၍ ငွေထုတ်ယူရန် စောင့်ဆိုင်းစေခြင်းများ စီစဉ်ထားရှိပေးသည်။    

 

မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေ လာရောက်ထုတ်ယူသူများအား   မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

အောင်အောင်(ပြန်/ဆက်)