လွိုင်ကော်   ၁၅  မေ  

 

လွိုင်ကော်မြို့ နောင်ယားကန်နှင့် ထေးငှားလျား ရေကန်တို့တွင် ငါးသားပေါက်ကောင်ရေ (၄)သောင်းကို ယနေ့ နံနက်ပိုင်းက ကယားပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ က စိုက်ထည့်ပေးခဲ့သည်။

 

“ယနေ့ သဘာဝငါးမျိုးများ စိုက်ထည့်ပေးခြင်းဖြစ်ပါတယ်၊ ယခုအချိန်မှ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေတဲ့အတွက်ကြောင့် ကျွန်တော်တို့က စည်းကမ်းသတ်မှတ်ချက်တွေနဲ့ သက်ဆိုင်ရာဝန်ထမ်းတွေကိုယ်တိုင် ငါးမျိုးများ စိုက်ထည့်ခြင်းကို ဆောင်ရွက်ခြင်း ဖြစ်တယ်။ ဒီနေ့လွှတ်တာကတော့ ရွှေဝါငါးကြင်းနဲ့ ထိုင်းငါးခုံးမကြီး ငါးကောင်ရေ (၄)သောင်းကျော်ကို နှစ်စဉ် ငါးလုပ်ငန်း ဦးစီးဌာနအနေနဲ့ သဘာဝရေကန်တွေမှာ ငါးသယံဇာတတိုးပွားဖို့အတွက် ယခုနှစ်မှာ ဆောင်ရွက်ခြင်းဖြစ်ပါတယ်” ဟု ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးညွှန့်ဝင်း က ပြောသည်။

 

“နှစ်စဉ် ငါးမျိုးစိုက်ထည့်ခြင်းကို ရာသီချိန်လိုက် ဆောင်ရွက်ပါတယ်၊ ဒီနှစ်ကတော့ ငါးတွေကို ကိုယ်တိုင်လည်း သားဖောက်ထားတဲ့အခါမှာ  ငါးသားပေါက်များ ပြည့်စုံလာတဲ့အတွက် စောပြီးမျိုးစိုက်လိုက်တာ ဖြစ်ပါတယ်၊ ယခင်နှစ်တွေကတော့ ဇူလိုင်လကနေစပြီးတော့ ၉ လပိုင်းအထိကို ငါးမျိုးများစိုက်ထည့်ပေးတယ် ၊ ဒီနှစ်အတွက် နောင်ယားကန်နဲ့ ထေးငှားလျားကန် က ဒုတိယအကြိမ် မျိုးစိုက်ခြင်းဖြစ်ပါတယ်၊ ပထမအကြိမ်အနေဖြင့် ငွေတောင်ဆည်နဲ့ ကန်ခုနှစ်ဆင့်မှာ ငါးမျိုးစိုက်ထည့်ပြီးပါပြီ၊ ယခုလို ငါးမျိုးစိုက်ပေးခြင်းအားဖြင့် ဒေသခံပြည်သူတွေအတွက် ငါးရိက္ခာဖူလုံစေပြီး သယံဇာတတွေ စဉ်ဆက်မပြတ် စားသုံးစေလိုသည့် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း” ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ဒုတိယ ပြည်နယ်ဦးစီးမှူး ဒေါ်မေသန္တာဝင့် က ပြောသည်။ 

 

ကယားပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနသည် ငါးမျိုးစိုက်ရာသီဖြစ်သည့် ယခုလမှစ၍ သြဂုတ်လအထိ ကယားပြည်နယ်အတွင်းရှိ သဘာဝရေပြင်များတွင် ဆက်လက် ငါးမျိုးများစိုက်ထည့်သွားမည်ဖြစ်ကြောင်း ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနရုံးမှ သိရသည်။ 

 

ထွန်းလေး (ပြန်/ဆက်)